လွတ်လပ်မှုဆိုတဲ့ အဓိပ္ပာယ်ဟာဘာလဲ?


လွတ်လပ်မှုဆိုတဲ့ အဓိပ္ပာယ်ဟာဘာလဲ?
လွတ်လပ်မှုဆိုတာ လုပ်ချင်ရာလုပ်တာမျိုး သွားချင်ရာသွားတာမျိုး
တွေးချင်ရာတွေးတာမျိုးလား။ သည်လိုကတော့ ခင်ဗျားတို့လည်း
တစ်နည်းမဟုတ်တနည်းလုပ်နေကြတာပါပဲ။ အမှီခိုကင်းတာကရော
လွတ်လပ်တာလို့ ဆိုလိုရဲ့လား။ ကမ္ဘာပေါ်မှာ
အမှီခိုကင်းတဲ့လူတွေအများကြီးရှိတယ်။
ဒါပေမယ့် လွတ်လပ်သူကတော့ မဆိုစလောက်ပါပဲ။
လွတ်လပ်မှုဆိုတာ ကြောက်ရွံ့မှုတွေမရှိတဲ့ စိတ်အခြေနေတရပ်ပဲဖြစ်ပါတယ်။
အမိန့်သြဇာနဲ့ ခိုင်းစေမှုတွေ လုံခြုံလိုတဲ့ဆန္ဒတွေ ကင်းရှင်းတဲ့
စိတ်အခြေနေတရပ်သာဖြစ်ပါတယ်။
ကျုပ်တို့အားလုံးဟာ လုံခြုံမှုကိုလိုချင်နေကြတယ် မဟုတ်လား။
တကယ်တော်တဲ့သူပါလား တကယ်ချောတဲ့သူပါလား
တယ်ပညာရှိတဲ့လူပါလား စသဖြင့်
ကျုပ်တို့ အချီးမွှန်းခံချင်နေကြတယ်မဟုတ်လား။
သည်လိုမဟုတ်ဘူးဆိုရင် ကိုယ့်နာမည်နောက်မှာ
ဘွဲ့ထူး ဂုဏ်ထူးတွေ ဘယ်ထည့်ပါမလဲ။ သည်လို ဘွဲ့ထူး ဂုဏ်ထူးတွေကြောင့်
တယ်ဟုတ်တဲ့ ငါပါလား တယ်တော်တဲ့ငါပါလားဆိုတဲ့
ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှုတွေ အထင်ကြီးမှုတွေဖြစ်လာပါတယ်။
ကျုပ်တို့အားလုံး ကြီးကျယ်တဲ့ပုဂ္ဂိုလ်ကြီးတွေ ဖြစ်ချင်နေကြတယ်။
ကျော်ကြားတဲ့ပုဂ္ဂိုလ်ကြီးတွေဖြစ်ချင်နေကြတယ်။ သည်လိုဖြစ်ချင်လိုက်တာနဲ့
တစ်ပြိုင်နက် လွတ်လပ်မှုလည်း ပျောက်သွားတော့တာပဲ။
ဒါကိုသေခြာကြည့်ပါ။ သည်အချက်ဟာ လွတ်လပ်မှုပြဿနာကို
နားလည်သဘောပေါက်ဖို့အတွက် သဲလွန်စအမှန်ဖြစ်ပါတယ်။
နိုင်ငံရေးသမားတွေ အာဏာတွေ ရာထူးတွေ လုပ်ပိုင်ခွင့်တွေနဲ့ပြီးတဲ့
လောကမှာပဲဖြစ်စေ အကျင့်သီလတွေ စင်ကျယ်မှုတွေ မြင့်မြတ်မှုတွေ
ရယူချင်နေကြတဲ့ လောကုတ္တရာနယ်ထဲမှာဖြစ်စေ ခင်ဗျားတို့ဟာ
ကြီးကျယ်တဲ့ပုဂ္ဂိုလ်ကြီး တစ်ယောက်ဖြစ်ဖို့ ဆန္ဒရှိလိုက်တာနဲ့ တစ်ပြိုင်နက်
ခင်ဗျားဟာ လွတ်လပ်မှု ဆုံးရှုံးသွားတော့တာပါပဲ။ ဒါတွေရဲ့
အဓိပ္ပာယ်ကင်းမဲ့မှု အချည်းနှီးဖြစ်မှုကိုမြင်ပြီး ပုဂ္ဂိုလ်ထူးဖြစ်လိုတဲ့ဆန္ဒတွေ
ကင်းမဲ့သွားပြီး နှလုံးသားစင်ကြယ်သန့်ရှင်းသူသာလျှင် လွတ်လပ်သူဖြစ်ပါတယ်။
သည်အချက်ရဲ့ရိုးစင်းမှုကို နားလည်သဘောပေါက်ရင် သည်အချက်ရဲ့
အလှအပကိုရော နက်ရှိုင်းမှုကိုပါသိမြင်လာပါလိမ့်မယ်။
ခင်ဗျားတို့ဟာ ရုပ်ဆိုးချင်ဆိုးမယ်။ လှချင်လည်း လှမယ်။
မနာလိုဝန်တိုမှုတွေလည်း ရှိချင်ရှိမယ်။
ဒါပေမယ့်ဒါကို အရှိရှိတိုင်းထားပါ။ သည်လိုအရှိအတိုင်းဖြစ်နေဖို့ဟာ
အခက်ခဲဆုံးအလုပ်တစ်ခုဖြစ်ပါတယ်။ ကိုယ့်ကိုယ်ပိုင်ဘဝအတိုင်း
တည်ရှိနေဖို့ဆိုတာ သိပ်ခက်ခဲလှတယ်။ ဘာကြောင့်လဲဆိုတော့
ကိုယ့်ဖြစ်တည်ရာ ဘဝကို ယုတ်နိမ့်တယ်လို့ ထင်နေတာကိုး။
ကိုယ့်ရဲ့ တကယ့်ဘဝကို မြင့်မြတ်တဲ့အရာတစ်ခုခုဖြစ်အောင် ပြောင်းလဲပစ်နိုင်ရင်
သိပ်ကောင်းမှာပဲလို့ အထင်ရှိနေတာကိုး။ ဒါပေမယ့် အဲ့ဒီအထင်တွေ
ဘယ်တော့မှ တကယ်ဖြစ်လာမှာ မဟုတ်ပါဘူး။ အဲသည်လိုထင်နေမယ့်အစား
ကိုယ့်ရဲ့တကယ့်ဘဝကို ပြန်ကြည့်ပြီး နားလည်သဘောပေါက်မယ်ဆိုရင်တော့
အဲ့သည် သိမြင်နားလည်မှုအတွင်းမှာ ပြောင်းလဲမှုတစ်ခုရှိလာပါလိမ့်မယ်။
ဒါကြောင့် ထူးခြားတဲ့ လူတစ်ယောက်ဖြစ်အောင် အားထုတ်မှုအတွင်းမှာ
လွတ်လပ်မှုမရှိပါဘူး။ ကိုယ့်စိတ်ကြိုက် လုပ်ချင်ရာလုပ်နေတာမျိုးထဲမှာလည်း
လွတ်လပ်မှုမရှိပါဘူး။ ဓလေ့ထုံးတမ်း အစဉ်အလာတွေကခိုင်းတဲ့အတိုင်း
လုပ်နေရတာမျိုး မိဘဆရာသမားတွေခိုင်းတဲ့အတိုင်း လိုက်လုပ်နေတာမျိုး
တွေထဲမှာလည်း လွတ်လပ်မှုမရှိပါဘူး။ ကိုယ့်ရဲ့ တကယ့်အဖြစ် တကယ့်ဘဝကို
အချိန်တိုင်းအချိန်တိုင်း နားလည်သဘောပေါက်မှုအတွင်းမှာသာ
လွတ်လပ်မှုရှိပါတယ် ...
ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ကြီးတစ်ယောက်ဖြစ်လာအောင် ကြိုးစားအားထုတ်နေသမျှ
ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တစ်ပါးပါးကို စံထားပြီးနေသမျှ
လွတ်လပ်မှုဟာလည်း ရှိနိုင်မယ် မဟုတ်ပါဘူး ...
ခရစ်ရှနာမူရတီ

Comments

Popular posts from this blog

မြန်မာ eBook များ

အမိုးဧရိယာ တွက်နည်း

ဘုရားသခင်ပြန်လာပြီလား ( Is God back ? )