ဘုရားသခင်ပြန်လာပြီလား ( Is God back ? )

ဒီ ဘုရားသခင် ပြန်လာပြီလား ဆိုတဲ့ ဝေါဟာရကို အစ္စရေး သမိုင်းပညာရှင် ယူဗဲနိုရာဟာရာရီ ( Yuval Noah Harari ) က သူရဲ့ နောက်ဆုံးထွက် စာအုပ်ဖြစ်တဲ့ '၂၁ ရာစုအတွက် သင်ခန်းစာ ၂၁ ခု' ( 21 lessons for the 20st century ) စာအုပ်မှာ သုံးထားတာပါ။ ဟာရာရီက အစ္စရေးနိုင်ငံ တဲအဗစ်တက္ကသိုလ်က သမိုင်းပညာရှင်တစ်ယောက်ဖြစ်တယ်။ သူရဲ့ ပထမဆုံးစာအုပ် လူသားသမိုင်းအကျဉ်းဆိုတဲ့ စေပီယန် (Sapiens) နဲ့ ဒုတိယ စာအုပ်ဖြစ်တဲ့ ဟိုမိုးဒါတ်စ် ( Homo Deus ) စာအုပ် ထွက်အပြီးမှာ သူ့ကို လူသိများလာပါတယ်။

စကားဦးစတာလည်းများသွားပြီဆိုတော့ လိုရင်းကို ပြန်သွားရအောင်ပါ။ အခု ဒီစာမှာ အဓိကထားချင်တာက ဟာရာရီရဲ့ စာအုပ်အကြောင်းမဟုတ်ပါဘူး။ လူရဲ့ ဆင်ခြင်တုံတရား နဲ့ နည်းပညာရဲ့ ခေတ်သစ် လူမှုဘဝကို လွှမ်းမိုးနိုင်မှု အကြောင်းပါ။

အနောက်တိုင်း လူ့အဖွဲ့အစည်းဟာ အမှောင်ခေတ်ကို ၁၈ ရာစု မတိုင်ခင်အထိ ဖြတ်သန်းခဲ့ရတယ်။ အဲ့ဒီ အချိန်ကာလမှာ ဆင်ခြင်ဉာဏ်ထက် ယုံကြည်ကိုးကွယ်မှု ( Belief/ Faith ) ကသာ ရှေ့တန်းရောက် လွှမ်းမိုးခံရပါတယ်။ နိစ္စဓူဝ အရာရာဟာ ဘုရားသခင်ရဲ့ အလိုတော်အတိုင်းဖြစ်ပြီး မေးခွန်းပြန်မေးတဲ့သူဟာ မယုံကြည်သူ၊ ဖောက်ပြန်သူ တစ်ယောက်အဖြစ် ပုံဖော်ခံရပါတယ်။  

ဒီလိုအခြေအနေကနေ ၁၈ ရာစု စက်မှုတော်လှန်ရေးကနေစပြီး  စက်တွေ၊ ရုပ်ဝတ္တု ပစ္စည်းတွေက လူတွေရဲ့ နေ့စဉ်ဘဝထဲ နေရာယူလာတယ်။ ခက်ခက်ခဲခဲ ရုန်းကန်နေရတာကို စက်တွေက ကူညီဖြေရှင်းနိုင်လာခဲ့တယ်။  အမှောင်ခေတ်တစ်ခုလုံး လွှမ်းမိုးခဲ့တဲ့ လူသားရဲ့ဘုရားသခင်သာလျှင်အရာရာ ဆိုတဲ့ ယုံကြည်ကိုးကွယ်လိုစိတ်တွေဟာ Darwin ရဲ့ Evolution ၊ Newton ရဲ့ Gravity စတာတွေနဲ့အတူ အောက်ကိုဆွဲချခံရတယ်။ စကြဝဠာမှာ လူသားထက် မြင့်မြတ်သာလွန်ပြီး တန်ခိုးဩဇာအပြည့်ရှိတဲ့ ကောင်းကင်ဘုံ နဲ့ ဘုရားသခင်ဆိုတာတွေကို အရင်လို လက်မခံလိုတော့ဘူး။ ဒီလိုနဲ့ ဘုရားသခင်ကို ပေးထားတဲ့ ပါဝါတွေဟာ လူသားတွေလက်ထဲရောက်လာခဲ့တယ်။ နိရှေးက ပြောတယ် The God is dead တဲ့။

ဒီလို လူသားတွေလက်ထဲရောက်လာတဲ့ ဘုရားသခင်ဆီက ပါဝါတွေဟာ ရာစုနှစ် ၃ ခုကို ဖြတ်သန်းလာအပြီး ၂၁ ရာစု ဂလိုဘယ်လိုက်ဇေးရှင်း မှာတော့ ဘုရားသခင်ဆီက လုယူထားတဲ့ ပါဝါတွေကို လူဟာ စက်တွေဆီ ပြန်ပေးရတော့မလိုဖြစ်လာတယ်။ ခြိမ်းခြောက်ခံလာရတယ်။

နေ့စဉ်လူမှုဘဝမှာ စက်တွေကို အလွန်အမင်းအားကိုးလာရတယ်။ ကနေ့ခေတ် စက်တွေဟာ အရင်ကလို စက်ထဲကို ထည့်ပေးထားတဲ့ အချက်အလက်တွေကို ပြန်ထုတ်ပြီး အသုံးချတဲ့ ခေတ်မဟုတ်တော့ပဲ စက်တွေကိုယ်တိုင် စက်အချင်းချင်းဖြစ်စေ လူနဲ့ဖြစ်စေ ထိတွေ့ရင်း သင်ယူတတ်မြောက်လာနိုင်တဲ့ စက်တွေဖြစ်လာတယ်။ ကိုယ့်အကြောင်းကိုယ်သိတာထက် စက်တွေက လူတွေအကြောင်း ပိုသိလာတယ်။ မတူတာက စက်တွေရဲ့ သင်ယူနိုင်စွမ်းက လူတွေထက် မြင့်မားပြီး မြန်ဆန်လာတာဖြစ်ပါတယ်။ နေရာတိုင်းမှာ စက်တွေက အရေးပါလာတယ်။ ဒီတော့ ၁၈ ရာစုမတိုင်ခင်က အခြေအနေမျိုး စက်သာလျှင်အရာရာဆိုတဲ့ သမိုင်းတပတ်လည်လာတာမျိုး ဖြစ်သယောင်ဖြစ်လာပြီး စက်တွေရဲ့ လျင်မြန်တဲ့ ဆုံးဖြတ်ချက်၊ သင်ယူနိုင်စွမ်းတွေက လူသားတွေရဲ့ ဆင်ခြင်အသိ၊ ဆင်ခြင်တုံတရားကို တဖြည်းဖြည်း နောက်ကောက်ကျလာစေတယ်။ ကိုယ့်ကိုယ်ကိုထက် စက်တွေကို အားကိုးလာကြတယ်။ အနာဂတ်ဟာ လူတွေရဲ့ ဘုရားသခင်ဆီက တိုက်ယူထားတဲ့ ပါဝါ (ဆင်ခြင်တုံတရား) နဲ့ စက်တွေ ထိပ်တိုက်တိုးလာမယ့် အချိန်ပါပဲ။

ဒါပေမယ့် ကျွန်တော်တို့ဆီမှာတော့ လူရဲ့ခြင်ဆင်မှုနဲ့ ကိုးကွယ်ယုံကြည်မှုကြားက ပါဝါဟာ လွန်ဆွဲနေရဆဲပဲ ရှိသေးတယ်။ ၁၈ ရာစု အင်္ဂလန်မှာ စက်မှုတော်လှန်ရေးဖြစ်တော့ မြန်မာတွေက ပန်းဆယ်မျိုးထဲက တစ်မျိုးဖြစ်တဲ့ ပန်းပဲမှာ ဓားသွေးနေကြချိန်ဖြစ်တယ်။ ရာစုနှစ် ၃ ခုကျော် ဖြတ်သန်းခဲ့တဲ့ ဆင်ခြင်တုံတရားဟာ ကျွန်တော်တို့နဲ့ အသားမကျသေးဘူး။ 

ကျွန်တော်တို့ရော အနာဂတ် မှာ ရင်ဆိုင်လာရမယ့် စက်တွေနဲ့ လူတွေကြားက ကျဉ်းမြောင်းလာတဲ့ကွာဟချက်တွေကို ရင်ဆိုင်ဖို့ အဆင်သင့်ပြီလား။ ဆင်ခြင်တုံတရားကိုရော လူတိုင်း အသုံးချနိုင်နေပြီလား။ ခံစားချက်အသိနဲ့ ဆင်ခြင်အသိကိုရော ကွဲပြားကြပြီလား။  ဆင်ခြင်တုံတရားနဲ့ အသားမကျသေးခင်ပဲ စက်တွေဆီကို ပေးလိုက်ရတော့မလား။ ကျနော်တို့ ဘယ်လမ်းကို သွားနေကြပြီလဲ။

ဖြိုးပြည့်

Comments

Popular posts from this blog

မြန်မာ eBook များ

Standard Army ဆိုင်ရာ....