ရင့်ကျက်တာလား ပြောင်းလဲတာလား

သဘာဝတွေဟာ ရင့်ကျက်တိုင်း ပြောင်းလဲသလားဆိုရင် မပြောင်းလဲတတ်ဘူး လို့ပဲ ပြောရမယ်။ ပြောင်းလဲခြင်း ဆိုတာ ရင့်ကျက်ခြင်းနဲ့ ဆက်စပ်မှု ရှိတာ မှန်တယ်။ သို့သော် ဒီ ၂ ခုဟာ မတူဘူး။ အလွန် ကွဲပြားတယ်။

ရင့်ကျက်ခြင်း ဆိုတာ နူးညံ့ရာကနေ မာကျောလာတာတွေ... ထိလွယ်ရှလွယ် အနေအထား ကနေ ဒူပေဒဏ်ပေ ခံနိုင်တဲ့ အဆင့်ရောက်လာတာတွေ စသဖြင့် ဖြစ်တယ်။

ဥပမာ - သစ်သီးတစ်လုံး သေးရာကနေ ကြီးလာတာမျိုး၊ အသက်ကြီးလာတဲ့ လူတစ်ယောက် အနေနဲ့ လောကဓံ အပေါ် တဖြည်းဖြည်း ခံနိုင်ရည် ရှိလာတာမျိုးတွေဟာ ရင့်ကျက်ခြင်းတွေ။

ပြောင်းလဲခြင်းကျတော့ ဘဝမှာ တစ်ခါမှ မရှိဖူးသေးတဲ့ တစ်စုံတစ်ရာက နေရာဝင်ယူလာတာမျိုး၊ ပုံမှန် သွားနေကျ လမ်းဟောင်း တစ်ခုကို သွားနေရာက ရုတ်တရက် လမ်းသစ်ကို ကူးသွားတာမျိုးတွေ။

ဥပမာ - သားသမီး ထွန်းကားလာတာနဲ့ ဆုံးရှုံးလိုက်ရတာ၊ ဆေးလိပ်စွဲတာနဲ့ ပြတ်တာ စသဖြင့်ကနေ ကမ္ဘာကြီး ပူနွေးလာမှုတွေ အထိဟာ ပြောင်းလဲခြင်းရဲ့ ပြယုဂ်တွေ။

တစ်နည်းပြောရရင် ရင့်ကျက်ခြင်းဟာ အချိန်ပေါ် မူတည်တယ်။ တစ်စုံတစ်ခုကို စတင်လိုက်တာနဲ့ ဘယ်အချိန် ဘယ်ပန်းတိုင်မှာ ဆုံးမယ် ဆိုတာ အဖြေရှိပြီးသား။ တစ်နည်းထပ်ဖွင့်ရရင် ဖြစ်ရိုးဖြစ်စဉ်တွေကို ပြောတာ ဖြစ်ပါတယ်။ အသက်ကြီးလာတာနဲ့ အမျှ ခံနိုင်ရည် ရှိလာတာ၊ အတွေ့အကြုံနဲ့ ဗဟုသုတတွေ တိုးပွားလာတာ... ပညာတွေ တတ်လာခြင်း၊ ငြိမ်သက်လာခြင်း စတာတွေဟာ သိပ် ထူးဆန်းတဲ့ ကိစ္စတွေ မဟုတ်တဲ့ ဖြစ်နေကျ ကိစ္စတွေ။ အချိန်မှန်ရင် ပွင့်ကိ​ု ပွင့်လာရတဲ့ အသီးအပွင့်တွေ။

ပြောင်းလဲခြင်း ကျတော့ အချိန်နဲ့ မသက်ဆိုင်သော ရွေးချယ်ခွင့်တွေ ဖြစ်တယ်။ အလုံးစုံတိုင်းရဲ့ တစ်ဆစ်ချိုးတွေလို့ ပြောရင်တောင် ရပါတယ်။ ဘာလို့ အလုံးစုံတိုင်းလို့ ပြောသလဲ ဆိုတော့ ဒီတစ်ဆစ်ချိုးကြောင့် ကိုယ့်မှာ ရှိသမျှ အားလုံး ပြောင်းသွားရတတ်တယ်။ မိသားစုဝင်တစ်ယောက် တိုးလာတဲ့ မိသားစုတစ်ခုမှာ တိုးလာတဲ့ တဒင်္ဂ က စလို့ တစ်အိမ်လုံး လုပ်ရိုးလုပ်စဉ်တွေ ပြောင်းသွားရတာမျိုးတွေပေါ့။

ဆိုတော့ ငယ်ရာက ကြီးလာတဲ့ လူတစ်ယောက်ဟာ ရင့်ကျက်လာခြင်းကို မလွဲမသွေ တွေ့ကြုံရလိမ့်မယ်။ သို့သော် ပြောင်းလဲသွားသလား ဆိုတာဟာ အဓိက မေးရမယ့် မေးခွန်း။ ဘာလို့ဆို အစက ပြောခဲ့သလို... ရင့်ကျက်တိုင်း လူသားတစ်ယောက်ဟာ ပြောင်းလဲသွားတယ် အာမ မခံနိုင်ဘူးလေ။

ဒါ့ကြောင့် ပြောင်းလဲရေး ကိုယ့်ဘဝမှာ ဖြစ်ပေါ်လာသလား ဆိုတာကို သိနိုင်ဖို့ ကိုယ့် ငယ်ငယ်က အလုပ်တွေနဲ့ အခုအလုပ်တွေ တိုင်းကြည့်ရတယ်။ ဒီပြောင်းလဲမှုဟာလည်း ဘယ်လို ကောင်းကျိုးနဲ့ ဆိုးကျိုးတွေ ရှိသလဲ ချင့်ချိန်ရတယ်။

များသောအားဖြင့်တော့ လူတွေဟာ ပြောင်းလဲလာတယ်လို့သာ ကိုယ့်ဖာသာ ထင်တတ်ကြတာ။ တကယ့် တကယ်တမ်း အလုပ်တွေရဲ့ အခြေခံကို လိုက်စစ်ကြည့်တဲ့အခါ ပြောင်းလဲမှုနဲ့ အလွန်ဝေးနေလေ့ ရှိကြပါတယ်။ သာမန် ရင့်ကျက်မှုတွေကိုပဲ ပြောင်းလဲမှုနဲ့ လွဲမှားစွာ ထပ်တူပြုနေတာ တွေ့ရတယ်။

ငယ်ငယ်က မကျေနပ်ရင် ရန်ဖြစ်ကြသလို အခုလည်း လိုတာ မရရင် စစ်တွေ ဖြစ်ကြတာပဲ။ ငယ်ငယ်က နိုင်တဲ့လူကို ဗိုလ်ကျသလို ခုလည်း အာဏာလက်ထဲရှိရင် လုပ်ချင်ရာ လုပ်တတ်ကြတာပဲ။ ကလေးအရွယ်တုန်းက မိဘနဲ့ မိဘရဲ့ ဆိုဆုံးမမှုတွေကို မှီခိုခဲ့သလို ကြီးလာတော့လည်း သက်ဆိုင်ရာ ဘာသာရေး အထွဋ်အမြတ် ပုဂ္ဂိုလ်တွေကို၊ ဆိုဆုံးမမှုတွေကို မှီခိုနေကြသေးတာပဲ။

ကိုယ်ပိုင် ဆုံးဖြတ်ခွင့်တွေဆိုတာ လူကြီးတစ်ယောက်မှာ ရှိသင့် ရှိအပ်တဲ့ အရည်အချင်းတစ်ခု... ကိုယ့် စာရိတ္တနဲ့ ကိုယ့် နေထိုင်မှုဟာ ကိုယ့်ဖာသာ သိ၊ ကိုယ့်ဖာသာ ပဲ့ပြင်ရင်းနဲ့သာ ဘဝခရီးကို ရှေ့ဆက်သင့်တယ်လို့ မြင်တယ်။

ဆိုတော့ အနှစ်အသား အားဖြင့်ဆိုရင် "အတွေးအခေါ် ကင်းမဲ့နေခြင်း" ဟာ လူအများစု အတွက်တော့ ငယ်ရာကနေ ကြီးလာတဲ့အထိ လုံးလုံး မပြောင်းလဲသေးတဲ့ ကဏ္ဍ တစ်ခုလို့ မြင်မိတယ်။

#kyawnge

Comments

Popular posts from this blog

မြန်မာ eBook များ

အမိုးဧရိယာ တွက်နည်း

ဘုရားသခင်ပြန်လာပြီလား ( Is God back ? )