Foundation ဆိုတာ

Foundation ကို အဆောက်အအုံရဲ့ အခြေခံ အုတ်မြစ် လို့ အဓိပ္ပာယ် ဖွင့်တယ်။ အရင်က သုံးခဲ့တဲ့ foundation engineering ဆိုတာကို အုတ်မြစ်ပိုင်းဆိုင်ရာ အင်ဂျင်နီယာဘာသာရပ်လို့ ဆိုင်းဘုတ်ရေးထားတာမှာ နောက်ပေါက်အခေါ်အဝေါ် geotechnical engineering ဆိုတာကိုပဲ သိတဲ့လူတွေက ဘာလဲဟ ဆိုတာမျိုး ဖြစ်ဖူးတယ်။ foundation ဆိုတဲ့အပိုင်းဟာ အခြေခံအကျဆုံးနဲ့ အရေးအကြီးဆုံးဆိုတာကို အဆောက်အအုံတစ်ခုအတွက်တင် မဟုတ်ပဲ ဘယ်အရာအတွက်မဆိုပါ။ foundation မကောင်းရင် ဘယ်အရာမှ ကောင်းမွန်စွာ မဖြစ်တည်ပါ။ အခုခေတ် လူအဖွဲ့အစည်းထဲက နိုင်ငံရေး စီးပွားရေး ပညာရေး စသဖြင့်တွေထဲက ပြဿနာတော်တော်များများက လူတွေ သိပ်မမြင်တဲ့ အခြေခံအုတ်မြစ်ဆိုတဲ့ foundation ကို ကောင်းကောင်းမလုပ်ခဲ့ပဲ လူတွေမြင်တဲ့ အပေါ်ပိုင်းကိုသာ ကြည့်ကောင်းအောင် ဇွတ်လုပ်နေကြလို့ differential settlement တွေဖြစ် လူ့အဖွဲ့အစည်း အဆောက်အအုံ ယိမ်းယိုင်ပျက်စီးနေတာမျိုးပါ။ အဲ … foundation အကြောင်း ပြောချင်တာကနေ ယိုယွင်းနေတဲ့ လူ့အဖွဲ့အစည်း ဆိုတာကို ရောက်သွားတယ်။ ဆောရီး။

Foundation ဆိုတာက ဒီလိုပါ။ foundation တစ်ခုရဲ့ ရည်ရွယ်ချက်တွေက …
(1) Distribute the weight of the structure over a large area of soil အဆောက်အအုံရဲ့ အလေးချိန်တစ်ခုလုံးကို တည်ဆောက်ထားတဲ့ မြေသားဧရိယာပေါ် ကောင်းမွန်စွာ သက်ရောက်သွားစေရန်
(2) Avoid unequal settlement မတူညီတဲ့ မြေသားကျုံ့ဝင်နိမ့်ကျမှုတွေကို ရှောင်ရှားရန်
(3) Prevent the lateral movement of the structure အဆောက်အအုံရဲ့ ဘေးတိုက်ရွေ့ရှားမှုကို တားဆီးနိုင်ရန်
(4) Increase the structural stability အဆောက်အအုံရဲ့ တည်ငြိမ်ခိုင်ခန့်မှု တိုးစေရန် စတာတွေ ဖြစ်ပါတယ်။

အဆောက်အအုံတွေမှာ types of foundations ဖောင်ဒေးရှင်းအမျိုးအစားတွေ များစွာ ရှိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ နေရာဒေသတွေ မတူညီရာမှာ soil condition မြေသားတွေရဲ့ အခြေအနေတွေပေါ် မူတည်ပြီး bearing capacity လို soil properties တွေ မတူတာ၊ အဆောက်အအုံရဲ့ အရွယ်အစားတွေ အနေအထားတွေ မတူတာတွေမှာ အဆောက်အအုံအတွက် သင့်တော်တဲ့ foundation ကို ရွေးချယ်ရပါတယ်။

ယေဘုယျအားဖြင့် foundations တွေကို shallow foundation နဲ့ deep foundation ရယ်လို့ပဲ အဓိက အမျိုးအစား ၂ခုခွဲပါတယ်။ နာမည်တွေအတိုင်းပါပဲ ဖောင်ဒေးရှင်းအနက် depth of foundation အရ တိမ်တဲ့ ဖောင်ဒေးရှင်းကို shallow foundation လို့ နက်တဲ့ ဖောင်ဒေးရှင်းကို deep foundation လို့ပဲ အလွယ်တကူ မှတ်လို့ ရပါမယ်။ အဲဒီထက် ပိုပြီး အနည်းငယ် ယုတ္တိဗေဒကျတာက foundation depth က building width ထက် နည်းရင် shallow foundation လို့ သတ်မှတ်ပြီး foundation depth က building width ထက် များရင် deep foundation လို့ သတ်မှတ်တယ်လို့ ဆိုပါတယ်။

အဲဒီလို အဓိကအားဖြင့် ၂မျိုးခွဲခြားတာကနေ ထပ်ပြီး ခွဲတာမှာ …
Shallow foundations တွေက …
(1) Isolated spread footing
(2) Wall footing
(3) Combined footing
(4) Cantilever or strap footing
(5) Raft or mat footing ဆိုပြီး ရှိပါတယ်။
Deep foundations တွေက …
(1) Pile foundation
(2) Pier foundation
(3) Caisson foundation တို့ ရှိပါတယ်။
အဲဒီထဲက pier နဲ့ caisson တို့ကတော့ အဓိကအားဖြင့် bridge တံတားတွေမှာ သုံးပါတယ်။

အဲလို ဖောင်ဒေးရှင်းတွေ အမျိုးမျိုး ရှိရာမှာ သင့်တော်တဲ့ foundation type ကို ရွေးချယ်ရာမှာ ဘယ်အချက်တွေကို ကြည့်ရလဲ ဆိုတော့ …
(1) Importance of the building အဆောက်အအုံရဲ့ အရေးပါမှု
(2) Life of the structure အဆောက်အအုံရဲ့ သက်တမ်း
(3) Loads from superstructure အဆောက်အအုံရဲ့ ဝန် အလေးချိန်
(4) Type of construction materials to be used တည်ဆောက်ရာမှာ သုံးစွဲတဲ့ ဆောက်လုပ်ရေးလုပ်ငန်းပစ္စည်း အမျိုးအစား
(5) Water table level မြေအောက်ရေမျက်နှာပြင်
(6) Type of adjoining structure ဘေးမှာရှိတဲ့ အဆောက်အအုံအမျိုးအစား
(7) Soil condition မြေသားအခြေအနေ
(8) Location of building အဆောက်အအုံနေရာ … တို့ ဖြစ်ပါတယ်။

ဒါပေမယ့် နောက်ဆုံး ကောက်ချက်ချတာကတော့ … to provide the stability of the total structure and safely transfer the total load from the structure to the soil at an optimum cost လို့ ဆိုပါတယ်။ တည်ငြိမ်ခိုင်ခန့်မှုကို ဖြစ်စေဖို့၊ အဆောက်အအုံရဲ့ အလေးချိန်အားလုံးကို ဘေးအန္တရာယ်မရှိ မြေသားထဲ သက်ရောက်သွားစေဖို့၊ အသင့်တော်ဆုံး ကုန်ကျငွေ ဖြစ်ဖို့ ဆိုပါတော့။

Foundations အခြေခံအုတ်မြစ်တွေကို ကောင်းကောင်း လုပ်ကြပါ။

Kyithar Myint

Comments

Popular posts from this blog

မြန်မာ eBook များ

Standard Army ဆိုင်ရာ....

ဘုရားသခင်ပြန်လာပြီလား ( Is God back ? )