ကျွမ်းကျင်လူငယ်များ တာဝန်ပေးခြင်း နှင့် ပေါ်လစီဂေဟစနစ်
အင်ဒိုနီးရှားသမ္မတက လူငယ်တွေကို တာဝန်ပေးတယ်ဆိုတဲ့သတင်းဖတ်ရတော့ လီကွမ်ယုကျောင်းက အတန်းဖော်ကို မေးကြည့်တယ်။ သူမ ကလည်း အသက် ၃၅ လောက်ပဲ ရှိသေးတဲ့ လူငယ်အမျိုးသမီး တစ်ယောက်ပါ။ သမ္မတရုံးရဲ့ စီးပွားရေးအကြံပေးဌာနခွဲမှူးတစ်ယောက်ပါ။ သူမကရှင်းပြပါတယ်။
လူငယ်တွေကို တာဝန်ပေးရတဲ့ အဓိက စဉ်းစားချက်က ဗျူရိုကရေစီယန္တယားဟောင်းထဲက ဖောက်ထွက်ပြီး စဉ်းစားတဲ့ အတွေးအခေါ် အသစ်တွေကို လိုချင်လို့ဆိုတာရယ်၊ လူငယ်တွေက တက်ကြွတော့ လုပ်ငန်းတွင်တယ်၊ မြန်ဆန်တယ်ဆိုတဲ့ သဘောတွေကို အခြေခံပြီး စဉ်းစားခဲ့တယ် ဆိုပါတယ်။
နောက်တစ်ချက်က မူဝါဒတွေ ချမှတ်အကောင်အထည်ဖော်မယ် ဆိုရင် အထောက်အကူပြု ဂေဟစနစ် (policy-support ecosystem)လိုပါတယ်။
အထူးသဖြင့် အရည်အချင်းရှိတဲ့ သူတွေကို ဆွဲဆောင်နိုင်တဲ့ အစုအဖွဲ့ တွေ အစိုးရအောက်မှာ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ စုဖွဲ့ရပါတယ်။ စီးပွားရေး၊ နည်းပညာ၊ နိုင်ငံတကာဆက်ဆံရေး၊ လုံခြုံရေး၊ ဘတ်ဂျတ်၊ ကျန်းမာရေး၊ ပညာရေးစတဲ့ မဟာဗျူဟာကျတဲ့ ကဏ္ဍတွေအတွက် စနစ်တကျ သုတေသနပြုစုပြီး မူဝါဒချမှတ်သူတွေကို အထောက်အကူပြုပေးနိင်တဲ့ စုဖွဲ့မှုတွေလိုပါတယ်။ ပေါ်လစီ လုပ်တယ်ဆိုတာ အားလုံးသိ၊ အားလုံးတတ် ဆိုတဲ့ ခေါင်းဆောင်မျိုးမရှိပါဘူး။ ဒီခေတ်ကြိးမှာ အချက်အလက်ကို အခြေခံတဲ့ evidence-based policy making ကို မလုပ်နီုင်တဲ့ နိင်ငံတွေက နောက်မှာ ကျန်ခဲ့မှာပါ။ ဒီလိုလုပ်နိုင်ဖို့ အချက်အလက်တွေစုစည်းသုံးသပ်တဲ့ ကျွမ်းကျင်ပညာရှင်တွေလိုပါတယ်။
အင်ဒီုနီးရှား သမ္မတရုံးမှာ စီးပွားရေးအတွက်သက်သက် အကြံပေးနိုင်ဖို့အတွက် လူ (၃၀)လောက်ထား ပါတယ်။ အနဲဆုံး (၅)ယောက်လောက်က Ph.D. ရထားတဲ့ Analysts တွေလို့ဆိုပါတယ်။ ဒီလူတွေက ဝန်ကြီးဌာနတွေက မဟုတ်ပါဘူး။ ဝန်ကြီးဌာနတွေမှာလည်း ပညာရှင်တွေ အသီးသီး ရှိကြပါသေးတယ်။ သမ္မတရုံးက အဖွဲ့က ဝန်ကြီးဌာနက တက်လာတဲ့ အစီရင်ခံစာတွေကို ပညာရှင်ရှုဒေါင့်ကနေ စိစစ်သုံးသပ်နိုင်တဲ့ လုပ်နိုင်ချေ ရှိကြပါတယ်။ အချက်အလက်ကို ပိုင်ပိုင်နိုင်နိုင်တွက်ချက်နိုင်တဲ့သူတွေပါ။
သမ္မတအနေနဲ့ တာဝန်ပေးထားတဲ့ လူငယ်အများစုတွေကတော့ နိုင်ငံတကာ တက္ကသိုလ်တွေက ပညာတတ်တွေများတယ် လို့ဆိုပါတယ်။ သူတို့တွေကို တာဝန်ပေးနိုင်ဖို့ အစိုးရအနေနဲ့ လက်ရှိ စျေးကွက်ထဲက ထိုက်တန်တဲ့ လုပ်အားခ နဲ့ ပေးပါတယ်။ အစိုးရ ဝန်ထမ်းလစာမဟုတ်ပါဘူး။ ဒါပေမယ့် သူတို့အနေနဲ့ ကလည်း အစိုးရ ဝန်ထမ်းတွေရတဲ့ အခွင့်အရေးတော့ မရပါဘူး။
အင်ဒိုနီးရှားမှာက သမ္မတရုံးလို အရေးကြီးတဲ့ နေရာတွေမှာ လုံခြုံရေးစည်း မကျိုးပေါက်အောင် နိုင်ငံခြားသား အကြံပေးတွေ မထားပါဘူး။ အရေးကြီးတဲ့ ဌာနတွေ အားလုံးကို ပြည်တွင်းက ကျွမ်းကျင်သူတွေနဲ့သာ တာဝန်ပေးပါတယ်။
မူဝါဒအထောက်အကူပြု ပေါ်လစီ ဂေဟစနစ်ဖြစ်ဖို့ ပြည်တွင်းက အားကို အဓိကသုံးရပါတယ်။ ဒါမှလည်း ရေရှည်မှာ ဒီလူတွေက ပြည်တွင်းမှာ ကျန်ခဲ့မှာပါ။
မင်းဇော်ဦး
Comments
Post a Comment