ခင်ဗျားတို့ ဘယ်လို ကျွန်ဖြစ်လာသလဲ



ဟိုးရှေးရှေးတုန်းက ကမ္ဘာဦးလူသား ဖြစ်တဲ့ ကျုပ်တို့ဟာ အမဲလိုက် စားခဲ့ကြတယ်။ ငါးဖမ်း ဖားဖမ်း ငှက်ထောင်နဲ့ ဒီလိုပဲ ဝမ်းစာ အတွက် ရှာစား ခဲ့ကြ ဖူးတယ်။ ပြောရမယ်ဆိုရင် လူတွေဟာ တခြား သတ္တဝါတွေလိုပဲ ကိုယ့်နားရှိတဲ့ အရင်းအမြစ်တွေကို ကိုယ့် နေထိုင်မှု အတွက် အပြည့်အဝ အသုံး ချလို စိတ် ရှိကြပါတယ်။ 


ဒါပေမယ့် ဒီလို နေထိုင်လာခဲ့ ကြရင်း တစ်နေ့ကျတော့ ကျုပ်တို့တွေ အကြီးအကျယ် ပြောင်းလဲမှု တစ်ခု ကို တွေ့ကြုံ လာခဲ့ကြတယ်။ အထီးကျန်စိတ်တွေ ဖြစ်လာကြတာ.. ဒီကနေ သေရမှာ ကြောက်လာ ကြတာ... အသက် ဆိုတာကို သတိပြုမိလာကြရင်း ရှင်သန်မှု ဆုံးရှုံးဖို့ကို မလိုလား လာကြတာ ဖြစ် ပါတယ်။ 


ဒီကနေ အရာအားလုံး စတင်တယ်။ ခမ်းနားမှုတွေလည်း စတင်တယ်။ များစွာသော ဖြစ်နိုင်ချေ တို့ လည်း စတင်ခဲ့ပါတယ်။ 


(အာဏာကို ပုံသွင်းခြင်း)


ကျုပ်တို့ သေရမှာ ကြောက်လာ ကြတယ်။ ဒါ့ကြောင့် နာကျင်လာမှာကို စိုးရိမ်လာခဲ့ ကြတယ်။ ဘယ်လို အကျဉ်းအကျပ်ကိုမဆို ခံကြရဖို့ မလိုလားကြတော့ဘူး ဆိုတဲ့အခါ ကျုပ်တို့ ဟာ ပထမဆုံး အကြိမ် တစ်ခုခုကို ထိန်းချုပ်ဖို့ စတင် ကြိုးစား လာကြတယ်။ 


ထိန်းချုပ်ခွင့် ရလာဖို့ အတွက် အလိုအပ်ဆုံး အရင်းအမြစ်ကို ရှာတဲ့အခါ သဘာဝ တွင်းထွက်တွေ မဟုတ်။ လက်နက် ကိရိယာတွေ မဟုတ်။ ကုန်းမြေတွေ တိရိစ္ဆာန်တွေ တစ်ခုမှ မဟုတ်ပါဘူး။ 


အကောင် တစ်ကောင်ကို ရိုက်ပြီးတော့ နာသွားအောင် လုပ်လို့ ရပေမယ့် ဖမ်းလိုက်ရုံနဲ့ ကြောက် နေ အောင် လုပ်လို့ မရဘူး။ ဘာလို့လဲ ဆိုတော့ တိရိစ္ဆာန်ဆိုတာ အနာဂတ်ဆိုတဲ့ စိတ်ကူးမှ မရှိပဲ။


အဲ့ဒီလိုပဲ။ နွားတစ်ကောင် ကို ရိုက်လိုက်ရမလား ခြိမ်းခြောက်လို့ မရဘူး။ ဆိတ်တစ်ကောင်ကို သတ်ပစ်လိုက်မှာ နော်လို့ ခြိမ်းခြောက်ဖို့ မဖြစ်နိုင်ဘူး။ 


သစ်တစ်ပင်ကို အသီးများများ ထွက်လာအောင် ဆိုပြီး ဖိရိုက်လို့ အသီးတွေ စွတ် မသီးဘူး။ အဲ့သလိုပဲ။ မီးတုတ်ကြီး ကိုင်ပြီး မင်းတို့ကို ရှို့လိုက်မှာ အော်ရုံနဲ့ စပါးပင်တွေ သီးမှည့် မလာနိုင်ဘူး။ 


ဆိုတော့ ကြက်မ တစ်ကောင်ကို လည်ပင်း ညှစ်ပြီး ဥတွေ အုခိုင်းလို့ မရပေမယ့် လူတစ်ယောက်ကို လည်ပင်းညှစ်ပြီး သူ့ကြက်မဆီက ဥတွေကို တောင်းယူလို့ ရနိုင်တာကို လူတွေ သိလာခဲ့တယ်။ 


အဲ့ဒီမှာ နားလည်လာတာက ထိန်းချုပ်ဖို့ အလိုအပ်ဆုံး အရင်းအမြစ်ဟာ တခြားမဟုတ်။ သူလို ကိုယ်လို လူသားတွေသာ ဖြစ်တယ် ဆိုတာပါပဲ။ 


(လူသားဖောက် မွေးမြူရေး လုပ်ငန်း)


ဒါ့ကြောင့် အုပ်ချုပ်ရေး ဆိုတဲ့ လူသားဖောက် လုပ်ငန်း ဆိုတာ စတင်ပေါ်ပေါက်လာခဲ့တယ်။ သား ဖောက် မွေးမြူရေးခြံဟာ လူ့သမိုင်းရဲ့ အကျိုးအမြတ် အများဆုံး လုပ်ငန်းဖြစ်သလို ဖျက်ဆီးမှုအား အကောင်းဆုံး အလုပ်တစ်ခုလည်း ဖြစ် တယ်။ 


အခုအခါမှာ ဒီ သားဖောက် မွေးမြူရေး လုပ်ငန်းကြီး အထွန်းကားဆုံး အတိုးတက်ဆုံး အချိန်ကို ရောက်လာခဲ့ပြီလဲ ဖြစ်တယ်။ 


ဒီ လုပ်ငန်းမှာ လူ့ အသိုင်းအဝိုင်း တစ်ခုလုံးဟာ မွေးမြူရေး လုပ်ငန်းကြီး တစ်ခု ကောင်းကောင်း လည်ပတ် နေတဲ့ခြံ ဖြစ်ပြီး ဒီထဲမှာ ခြံပိုင်ရှင် လယ်သမားရယ် သားဖောက်စက်ရုံ ဆန်တဲ့ လူသားတွေ ရယ် ဒါပဲ ရှိပါတယ်။ 


ဒါကို ခြံထဲမှာ မွေးလာတဲ့ လူတစ်ယောက် အနေနဲ့ ယထာဘူတ ကျကျ မြင်နိုင်ဖို့ သိပ်မလွယ်။


(ခြံရှင်တို့ရဲ့ ပရိယာယ်)


ဘာလို့လဲ ဆိုတော့ တချို့လူတွေ အမြင်မှာ ခြံရှင် လယ်သမား ဆိုတဲ့ အာဏာရှင်တွေက ကျန်းမာရေး တွေ ထောက်ပံ့ပေးတယ် မြင်ကြတယ်။ ပညာရေးတွေ မတည်ပေးတယ် မြင်ကြတယ်။ 


လမ်းတွေ ဖောက် တံတားတွေ ဆောက်ပေးလို့ နေထိုင်သူ လူသားတွေ အတွက် လုပ်ပေးနေတယ် မြင်ကြတဲ့ အခါ နောက်ကွယ်က ယန္တယားတွေဟာ မျက်ကွယ်ပြုခံထားရတယ်။ 


လက်တွေ့ကျကျ စဉ်းစားပါ။ မွေးမြူရေးခြံမှာ မွေးတဲ့ ကြက်တွေ ဝက်တွေကိုလည်း အစာတွေကျွေး.. နေကောင်းအောင်ထား လုပ်ကြတာပါပဲ။ 


တချို့တွေကျတော့လည်း ငြင်းချင်လိမ့်မယ်။ အစိုးရတိုင်း အဲ့သလို မဟုတ်ဘူးပေါ့။ လွတ်လပ်ခွင့် ပေးတတ်ကြတယ်ပေါ့။ ဒါ့ကြောင့် လုံခြုံမှုရှိနေတော့ အစိုးရက ကိုယ့်အပေါ် ကောင်းနေတယ် ထင်တတ်ကြတယ်။ 


လက်တွေ့ကျကျ စဉ်းစားပါ။ သစ်ပင်တွေစိုက်ရင်တောင် တစ်ပင်နဲ့ တစ်ပင်ကြား ခြားခြားပြီး စိုက်ကြတယ် မဟုတ်လား။ လွတ်လပ်ခွင့်တွေ ပေးတတ်ကြတယ် မဟုတ်လား။ ဒါမှ အထွက်တိုးစေတယ် မဟုတ်လား။ 


ခင်ဗျားတို့ရဲ့ နိုင်ငံဆိုတဲ့ အခွန်တွေ စိုက်ပျိုးနေတဲ့ခြံ ကြီးထဲမှာ လယ်သမားတွေ အနေနဲ့ အပင်ဖြစ်တဲ့ ခင်ဗျားတို့ကို ခင်ဗျားတို့ လွတ်လပ်ခွင့်အရ ကြားမှာ စည်းထား ပေးနေတယ် ထင်နေလို့လား။


အချိန်တန်လို့ အကျိုးအမြတ် ထွက်မလာတဲ့ အပင် နှုတ်ပစ်ဖို့ မနှမြောသလို.. တစ်နည်း အခွန် မပေးနိုင် တဲ့ ခင်ဗျားကိုလည်း ထောင်ချပစ်ဖို့ ဝန်မလေးဘူး ဆိုတာ နားလည်ပါ။ 


အခု.. ခင်ဗျားတို့ ကျုပ်တို့တွေ အားလုံးဟာ ဘယ်လို ခြံထဲမှာ မွေးလာရတယ်ဆိုတာ ရိပ်မိပြီလား မိတ်ဆွေ။ ဆိုတော့ ပြောရမယ်ဆိုရင် ဒီ လူသားဖောက် မွေးမြူရေး လုပ်ငန်းကြီး တစ်ခုလုံးဟာ သမိုင်း အဆစ် လေးဆစ် ချိုးပြီး တိုးတက် ပြောင်းလဲ လာခဲ့ပါတယ်။ 


(ပထမသမိုင်းတစ်ဆစ်ချိုး)


ပထမ သမိုင်း တစ်ဆစ်ချိုးချိန်ဟာ အီဂျစ်မှာ စတင်ခဲ့တယ်။ 


ဒီတစ်ဆစ်ချိုး အတွင်းမှာ အုပ်ချုပ်ရေးလွှာဟာ တိုက်ရိုက် အာဏာနဲ့ ညှင်းပမ်း နှိပ်စက်မှုတွေကို အသုံးချခဲ့ကြတယ်။ 


လူတစ်ယောက်ကို ကာယ ခွန်အား ပိုင်း အပြည့်အဝ ထိန်းချုပ်ထားသလို လူ့စွမ်းအင် အရင်းအမြစ်ကို ရသလောက် ထုတ်ယူ သုံးစွဲခဲ့ကြတယ်။ 


လူတစ်သုတ် ပင်ပန်းဒဏ်ကြောင့် ဖြစ်ပါစေ နှိပ်စက်ခံရလွန်းလို့ ဖြစ်ပါစေ သေကျေ ပျက်စီးရင် အသုံးချဖို့ နောက်တစ်သုတ်ဟာ အရန်သင့် ပြင်ဆင်ထားပြီး ဖြစ်တယ်။ ကျွန်စနစ်ရဲ့ ခေတ်ဦးကာလ ဖြစ်ပါတယ်။ 


ကျွန်တွေဟာ သခင် ခြံရှင်တွေ အတွက် အသေအကျေ ရုန်းကြပေမယ့် ကုန် ထုတ်လုပ်မှု အပိုင်း.. အရင်းအမြစ် အသုံးချမှုဟာ ထင်သလောက် မပြည့်မီတဲ့အခါ ဒီစနစ်ဟာ သိပ်မကြာခင် လဲပြိုခဲ့ရတယ်။ 


(ဒုတိယသမိုင်းတစ်ဆစ်ချိုး)


အဲ့ဒီနောက်မှာ ရောမခေတ်ကို လူသားတွေ စတင် ခြေချလာခဲ့တယ်။ ဒါသည် ဒုတိယမြောက် သမိုင်း တစ်ဆစ်ချိုး ကာလ ဖြစ်ပါတယ်။ 


ရောမ အုပ်ချုပ်ရေး အဆင့်မှာ ကျွန်တွေဟာ အလုပ် ကြိုးစားသလောက် အခွင့်အရေးကို စတင် ခံစားနိုင်လာ ခဲ့ကြတယ်။ ထုတ်လုပ်မှု အား ကောင်းရင် ကောင်းသလို ချီးမြှောက် ခံလာ ခဲ့ကြရတယ်။ 


ဒီအကျိုးဆက်က ရောမသားတွေကို ငွေကြေးပိုင်း ဆိုင်ရာ ချမ်းသာ ကြွယ်ဝ လာစေတယ်။ အုပ်ချုပ်ရေး ခြံရှင်တွေ အတွက်လည်း အခွန်အခတွေ ပြည့်မီစွာ ရလာစေတယ်။ 


ဒီ ခံစားခွင့် ၂ မျိုး ပေါင်းဆုံတဲ့အခါ ရောမဟာ အင်အားကြီးတဲ့ အင်ပါယာ ဖြစ်လာခဲ့တယ်။ 


အင်ပါယာ ဖြစ်လာတဲ့နောက်မှ စီးပွားရေး လွတ်လပ်ခွင့်တွေ စတင်ဖျက်ဆီးမိသလို ဖြစ်ခဲ့ပြီး အုပ်ချုပ်ရေးလွှာရဲ့ အာဏာဟာ လဲပြိုခဲ့ရတယ်။ 


(တတိယသမိုင်းတစ်ဆစ်ချိုး)


ရောမ အင်ပါယာ လဲပြိုတဲ့အခါမှ Middle Age မှာ တတိယ သမိုင်းဂတစ်ဆစ်ချိုး စတင်တယ်။ Feudalism လို့ခေါ်တဲ့ ပဒေသရာဇ် စနစ် ဖြစ်ပါတယ်။ 


ဘာလဲ ပဒေသရာဇ်။ အုပ်ချုပ်ခံ လူသားရဲ့ အသက်အိုးအိမ် စည်းစိမ်နဲ့ အခွန်အခတွေ အားလုံးကို အုပ်ချုပ်ရေး အလွှာက အပြည့်အဝ ပိုင်ဆိုင်တာ မို့လို့ ပဒေသရာဇ် လို့ ခေါ်ပါတယ်။ ပြည့်ပြည့်စုံစုံ ဆိုရင် သက်ဦးဆံပိုင် ပဒေသရာဇ် ဖြစ်ပါတယ်။ 


ဒီစနစ်ရဲ့ မြေပိုင်ဆိုင်မှု ပုံစံက အုပ်ချုပ်ရေးလွှာကို ပုံမှန် ဆက်ရတဲ့ ဆက်ကြေး ပြည့်မီမှု အပေါ် မူတည်တယ်။ အခွန် ဆက်ကြေး ပြည့်နေသရွေ့ လုပ်ကိုင် စားသောက်ဖို့ မြေယာတွေ ကိုယ့်ဆီ ရှိနေမှာ ဖြစ်ပြီး မပြည့်မီတဲ့ တချိန်မှာ မြေယာ နေရာ သာမက အသက် အိုးအိမ် ဆုံးရှုံးမှုတွေ အထိပါ ဖြစ်နိုင်ပါတယ်။ 


(Enclosure Movement - လက်ဝါးကြီးအုပ် လှုပ်ရှားမှု)


ပဒေသရာဇ်ခေတ်မှာ ကြွယ်ဝလာတဲ့ တောင်သူတွေဟာ ငွေရှင်တွေ ဖြစ်လာခဲ့ကြပြီး ပိုနွမ်းပါးတဲ့ တောင်သူတွေ အပေါ် လက်ဝါးကြီး အုပ်လို့ လယ်မြေတွေကို သိမ်းပိုက် ဝယ်ယူခဲ့တဲ့ ဖြစ်စဉ်ကို Enclosure Movement လို့ခေါ်ပါတယ်။ ဒီလှုပ်ရှားမှုနောက်မှာ ပဒေသရာဇ် စနစ်ရဲ့ လိုအပ်မှု ကုန်ဆုံးပြီ မို့လို့ နောက်တစ်ဆင့် သမိုင်း တစ်ဆစ်ချိုးကို ရောက်လာခဲ့တယ်။ 


ပဒေသရာဇ် ခေတ်ရဲ့ ရလဒ် ဖြစ်တဲ့ ထုတ်ကုန် ကြွယ်ဝမှုတွေဟာ ပိုမို ကောင်းမွန် ခိုင်ခန့်တဲ့ မြို့ပြ ထူထောင်မှုတွေ စတင်နိုင်လာ ခဲ့စေတယ်။ ဒါသည် ဒီကနေ့ခေတ် ဒီမိုကရေစီရဲ့ ရှေ့ပြေးနိမိတ်သာ ဖြစ်တယ်။ 


Enclosure Movement ကြောင့် အိမ်တွေစွန့် ယာတွေစွန့်လို့ မြို့စွန် မြို့နား ပြောင်းရွှေ့နေထိုင် လာကြသူ လူတန်းစားတွေဟာ မြို့ပြ ထူထောင်မှုရဲ့ ကနဦး ခြေလှမ်း စက်ရုံ အလုပ်ရုံ တွေအတွက် စျေးပေါပေါနဲ့ ရုန်းပေးမယ့် လူတန်းစား တစ်ရပ်ပါ ဖြစ်လာတယ်။ 


(စတုတ္ထသမိုင်းတစ်ဆစ်ချိုး - ဒီမိုကရေစီ)


ဒီမိုကရက်တစ် စနစ်အောက်မှာ ပဒေသရာဇ် ရဲ့ စနစ်ဟောင်း တိုက်ရိုက် ကျွန်ပြုမှု ပုံစံ ဟာ စနစ်သစ်ဖြစ်တဲ့ မာဖီးယား ပုံစံ ကို အစားထိုးခံလာရတယ်။ 


မာဖီးယား တွေအဖို့ က ပိုင်ဆိုင်တဲ့ စီးပွားရေး လုပ်ငန်း ဆိုတာ ရှိတာ နည်းတယ်။ သို့သော် မကြာ မကြာ ဆိုသလို ဂိုဏ်းစတားတွေ လူမိုက်တွေကို လွှတ်လွှတ်ပြီး ခြံထဲရှိ ပြည်သူတွေဆီက ပိုက်ဆံ တောင်းလေ့ ရှိကြပါတယ်။ 


ဆိုတေ့ အခု ခင်ဗျားဟာ ကိုယ့် အလုပ်ကို ကိုယ် ဘာလုပ်ချင်လဲ ရွေးချယ်ခွင့် ရပြီ။ ဒါ့ကြောင့် လွတ်လွတ် လပ်လပ်နဲ့ လုပ်ကိုင်ရတဲ့အခါ ထွက်ကုန်တွေ တိုးလာခဲ့ပြီ။ စီးပွားရေးတွေ ကောင်းမွန် လာလို့ ခင်ဗျားတို့ အခွန်လဲ ပုံမှန် ဂိုဏ်းစတားတွေကို ပေးနိုင်လာခဲ့ပြီ။ 


(အနာခီ မွေးဖွားခြင်း)


ဒီမှာ ပြဿနာ တစ်ခုစတင်တယ်။ ခင်ဗျားတို့ ချမ်းသာလာတာပဲ။ ချမ်းသာလာတဲ့အခါ ခင်ဗျားတို့ လွတ်လပ်ခွင့်လေးတွေ ရလာကြတယ်။ 


လွတ်လပ်လာတဲ့အခါ ခင်ဗျားတို့ဟာ ဘောင်တွေကို စတင် တီးခေါက်လာရင်း ဘာလို့ ငါတို့ဟာ သူတို့ စည်းကမ်း အတိုင်း နေရမှာလဲ ဆိုတာမျိုး အုပ်ချုပ်သူ လူတန်းစားကိုပါ မေးခွန်းထုတ်လာခဲ့တယ်။ 


ဒါ့ကြောင့် ခင်ဗျားတို့ ချမ်းသာလာလေလေ လွတ်လပ်လာလေလေ.. ဒါတွေဟာ ခြံရှင် လယ်သမားကို အခက်တွေ့စေလေလေ.. ။ 


(ပုံစံခွက် သုံးခုဖြင့် တင်းကြပ်မှု)


လူသားဖောက် မွေးမြူရေးဆိုတာ လွယ်တဲ့ အလုပ် မဟုတ်ဘူး။ ဆိုတော့ အခွန် ပုံမှန် ထုတ်ပေးနေတဲ့ ခြံထဲက ခင်ဗျားတို့ကို လုံးဝ လွတ်ထွက် မသွားစေဖို့ အုပ်ချုပ်ရေးလွှာဟာ အဆင့် ၃ ဆင့်ပိုင်းပြီး စီမံ ထားပြန်တယ်။ 


(ပထမ ပုံစံခွက်)


ပထမ အဆင့် အနေနဲ့ လူငယ်အရွယ်ကထဲက ပညာရေး ဆိုတဲ့ စနစ်ကနေ ပုံစံ သတ်မှတ်လိုက်တယ်။ 


ဒီမိုကရက်တစ် စနစ်အောက်က နိုင်ငံတစ်ခုဟာ ကြွယ်ဝလာလေလေ... ပိုအထက်တန်းကျတဲ့ ပညာရေးစနစ်ကို ရောက်ဖို့ လိုအပ်လာလေလေ.. 


ဘာလို့လဲ။ ပိုလွတ်လပ်လာစေမယ့် ခင်ဗျားတို့ အတွေးတွေ.. စိတ်တွေကို အသေးစိပ် ပုံသွင်းပေးဖို့ လိုအပ်လာလို့။ 


(ဒုတိယ ပုံစံခွက်)


ဒုတိယ တစ်ဆင့်က ပြင်ပက တိုက်ခိုက်လာမှုတွေ ရှိနေသယောင် ဆက်တိုက် ဖန်တီးထားဖို့ ဖြစ်တယ်။ 


ဘာလို့လဲ။ ဒါမှသာ အုပ်ချုပ်ရေးလွှာဟာ လိုအပ်တယ်လို့ ခင်ဗျားတို့ ကျွန်တော်တို့ ယုံကြည်နေမှာ ဖြစ်တယ်။ 


(တတိယ ပုံစံခွက်)


တတိယ တစ်ဆင့်က အပြင်ပြဿနာတွေတင် မကပဲ အတွင်းက အုပ်ချုပ်ခံ လူတန်းစားတွေကြားမှာ လိုအပ်လာတိုင်း ပဋိပက္ခ ဖန်တီး ပေးနေဖို့ ဖြစ်တယ်။ ဒီမှာ ပြဿနာက တိုက်ရိုက် ပဋိပက္ခကို အုပ်ချုပ်ရေးက ဖန်တီးလိုစိတ် မရှိဘူး။


(သွယ်ဝိုက် ပဋိပက္ခကို စတင် ထုဆစ်ခြင်း) 


ဘာလို့ တိုက်ရိုက် ပြဿနာကို အုပ်ချုပ်ရေးက ဖန်တီးလိုစိတ် မရှိရတာလဲ ဆိုတော့ အချက် ၂ ချက် ကြောင့် ဖြစ်ပါတယ်။ ပထမတစ်ချက်က တိုက်ရိုက် အာဏာ စနစ်ဟာ ပဒေသရာဇ်ခေတ်မှာ ကျန်ခဲ့ပြီ။ ဒါ့ကြောင့် နောက်ပြန်သွားလို့ မဖြစ်ဘူး။ 


ဒုတိယ တစ်ချက်... ခင်ဗျားတို့ရဲ့ စွမ်းဆောင်ရည်ကြောင့် ရလာတဲ့ အကျိုး ရလဒ်တွေဟာ အုပ်ချုပ်ရေး လွှာ ရဲ့ ရပိုင်ခွင့်တွေ မဟုတ်လား။ ဒါ့အပြင် ခင်ဗျားတို့ စွမ်းဆောင်ရည် ဆိုတာ ကိုယ်ပိုင် လွတ်လပ်ခွင့် လေးတွေ ဖန်တီးပေးထားလို့ ဖြစ်လာတဲ့ စိတ်ချမ်းသာမှုကြောင့် တိုးတက်လာခဲ့တယ် မဟုတ်လား။ 


တိုက်ရိုက် အာဏာသုံးလိုက်လို့ ရှိရင် လူထုဟာ လွတ်လပ်ခွင့် မရှိဘူး လို့ စမြင်လာတော့မယ်။ ဒီလို မြင်လာမယ့် လူထု ရဲ့ စွမ်းဆောင်ရည်ဟာ ချက်ချင်း ကျဆင်းလာလိမ့်မယ်။ ဒီအခါ အုပ်ချုပ်ရေးလွှာပဲ ထိခိုက်ဖို့ ရှိလာတယ်။


ဒါ့ကြောင့် အာဏာကိုလည်း အသုံးချချင်တယ်။ ခင်ဗျားတို့ရဲ့ စွမ်းဆောင်ရည်လဲ မကျဆင်းစေ ချင်တဲ့ အခါ သွယ်ဝိုက် အာဏာ ကို အသုံးပြုရမယ် ဆိုတာ ရိပ်စားမိလာခဲ့ကြတယ်။ 


(အရင်းရှင်တို့ မွေးဖွားလာခြင်း)


ဒီ သွယ်ဝိုက် အာဏာကို ဖော်ထုတ်နိုင်ဖို့ အုပ်ချုပ်ရေးဟာ အလွှာတု တစ်ခုကို အုပ်ချုပ်ခံ လူတန်းစား တွေကြားမှာ ဖန်တီးပေးလိုက်တယ်။ အရင်းရှင် လူတန်းစား ဆိုတာတွေ ဖြစ်တယ်။ 


အရင်းရှင်တွေဘက်က ကြည့်ရင် သူတို့ဟာ အထက်တန်းလွှာလို့ မြင်နေစေရမယ်။ အခြေခံလွှာက ကြည့်သူအဖို့ အရင်းရှင်တွေဟာ အုပ်ချုပ်ရေး အလွှာကလို့ မြင်နေစေရမယ်။ 


တကယ့် အုပ်ချုပ်ရေးလွှာက ကြည့်ရင်တော့ အရင်းရှင်ဆိုတာ သာမန်လူထု ထဲကပဲ လိုအပ်ချက် ကြောင့် ဖန်တီး မြှောက်ထုတ်ပေးလိုက်တဲ့ စစ်တုရင်ခုံပေါ်က နယ်ရုပ်ကလေးတွေ ဖြစ်တယ်။


အရင်းရှင် လူတန်းစား ပေါ်ပေါက်လာတဲ့အခါ သူတို့ဟာ သာမန်လူထု မရတဲ့ အခွင့်အရေးတွေ ပိုရတယ်။ မိမိနဲ့ အုပ်ချုပ်ရေးလွှာကို တစ်သားထဲ မြင်လာခဲ့ကြတယ်။ 


ဒီမှာ အောက်ခြေ နွားတွေကနေ အုပ်ချုပ်ရေးလွှာကို မေးခွန်းထုတ်လာသမျှ ပြဿနာတွေဟာ အရင်းရှင်ဆိုတဲ့ အပေါ်လွှာ နွားတွေရဲ့ ဘုမသိ ဘမသိ ခုခံ ကာကွယ်စရာတွေ ဖြစ်လာခဲ့တယ်။


ဒီအလွှာတစ်ခုထဲက နွားတွေ ဝှေ့ကြရင်း ငြိမ်ကျသွားရင် အုပ်ချုပ်ရေး လာပတ်သက်စရာမလိုဘူး။ 


ပိုဆိုးလာရင်လည်း အဓိကရုဏ်းကို အကြောင်းပြပြီး မူလ ပြဿနာကို ဖျောက်လို့ လိုအပ်တဲ့ တိုက်ခိုက်မှုတွေကို လုပ်ဆောင်နိုင်လိမ့်မယ်။ ဒါသည် တတိယ အဆင့် ပုံစံခွက်ဖြစ်တယ်။


(Security Dilemma)


ကမ္ဘာပေါ်မှာ လူသားတွေ ဖြစ်တည်မှုဟာ တစ်စုလုံး ခြုံကြည့်ရင် ပကတိ သဘာဝ လက္ခဏာ အားဖြင့် ရော စနစ်ဆိုင်ရာ အားဖြင့်ပါ အလုံးစုံ အာဏာမဲ့ ပုံစံနဲ့ စတင်ခဲ့တာ မြင်နိုင်တယ်။ ကမ္ဘာ့နိုင်ငံ တွေကို စုဝေး အုပ်ချုပ်နေတဲ့ မင်း ဘုရင် ဆိုတာ မရှိဘူး။ ကမ္ဘာ့နိုင်ငံတွေကို တစ်စုထဲ စောင့်ကြပ်နေတဲ့ ရဲတွေ မင်းမှုထမ်းတွေ မရှိပါဘူး။


အုပ်ချုပ်ရေးလွှာဆိုတဲ့ တစ်စုစီ တစ်စုစီရဲ့ ထိပ်ပိုင်းလွှာတွေဟာ သခင်ဖြစ်လာတဲ့နောက်မှာ ပတ်ဝန်း ကျင် အနေအထားကို ကြည့်တဲ့အခါ ဒီလို မင်းမဲ့နေတဲ့ လက္ခဏာကို ရိပ်စား မိလာခဲ့ကြပါတယ်။ ဒီမှာ မိမိဟာ တခြားပိုအင်အားကြီးတဲ့ အစုအဝေးရဲ့ ကျူးကျော် နယ်ချဲ့ခံရမှာကို စိုးရိမ်လာကြတယ်။ ဒီအခါ လုံခြုံရေးကို ရှေးရှုလို့ မိမိ ကာကွယ်ရေး လိုအပ်ချက်တွေကို ဖြည့်တင်းတယ်။ တစ်နည်း... နိုင်ငံ တကာမှာ ကျွန်မဖြစ်လို စိတ်ကြောင့် လုံခြုံဖို့ အားထုတ်လာကြခြင်း ဖြစ်ပါတယ်။ 


ဒီလို လုံခြုံချင်စိတ်ကြောင့် လက်နက် အင်အား တိုးချဲ့ခြင်းအပေါ်ကို ပတ်ဝန်းကျင် နိုင်ငံတွေက ကာကွယ်ရေးအတွက် သီးသန့် တိုးမြှင့်နေတယ်လို့ မမြင်ပဲ တိုက်ခိုက်ဖို့ ကြိုးစားနေတယ်လို့သာ မြင်ခြင်းကို Security Dilemma လို့ ခေါ်ပါတယ်။ 


အဲ့ဒီမှာ သူတစ်ခုလုပ်ရင် ငါလည်း တစ်ခုလိုက်လုပ်မယ်။ ငါ့ကို သူလာမတိုက်အောင် ငါလည်း ကာကွယ်ရမယ် ဆိုတဲ့ အမြင်တွေ အုပ်ချုပ်ရေး အလွှာတိုင်းမှာ စတင် ပြန့်နှံ့လာခြင်းက ယနေ့ ရှုပ်ထွေးလွန်းတဲ့ ကမ္ဘာ့ နေထိုင်မှု စနစ်တစ်ခုလုံး စတင်ခြင်း ဖြစ်ပါတော့တယ်။ 


#kyawnge (ဘာသာပြန်)

Comments

Popular posts from this blog

မြန်မာ eBook များ

အမိုးဧရိယာ တွက်နည်း

ဘုရားသခင်ပြန်လာပြီလား ( Is God back ? )