မြန်မာနိုင်ငံ သိပ်ချမ်းသာခဲ့ဖူးတယ်လို့ ပြောလာရင်
မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ တစ်ချိန်က အချမ်းသာဆုံး၊ အတိုးတက်ဆုံးနိုင်ငံဖြစ်တယ်။ တပ်မတော် က အုပ်ချုပ်လို့ နိုင်ငံမွဲပြာကျသွားတယ်ဆိုတဲ့စကားက နိုင်ငံရေးသမားတိုင်း သုံးနေကျစကား။ စာပေဟောပြော ပွဲတွေမှာ ကိုယ်လေးစားအားကျရတဲ့ စာရေးဆရာတွေကိုယ်တိုင်ပြောတာဆိုတော့ ကိုယ်တွေလဲ တစ်ချိန်က ယုံခဲ့မိတယ်။ အခုတော့ မယုံတော့ဘူး။
၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရတဲ့အချိန် အိမ်နီးချင်းတွေကိုကြည့်ရင်..
တရုတ်က တရုတ်ပြည်သူ သန်း ၂၀ လောက် သေခဲ့တဲ့ တရုတ်-ဂျပန်စစ်ပွဲပြီးကာစအချိန်၊ ကူမင်တန်နဲ့ ကွန်မြူ နစ် တိုက်လို့ကောင်းနေတဲ့အချိန်၊ အမေရိကန်ကတောင် ထိုင်၀မ်ကိုပဲ တရုတ်အစိုးရလို့ သတ်မှတ်ထားတဲ့အချိန် ဖြစ်နေတယ်။ အိန္ဒိယနိုင်ငံက အဲဒီအချိန်မှာ အင်္ဂလိပ်လက်အောက် ဒိုမီနီယံအဆင့်မှာပဲ ရှိသေးတယ်၊ အိန္ဒိယနဲ့ပါကစ္စတန် ခွဲပြီး သီးခြားနိုင်ငံတွေအဖြစ် လွတ်လပ်ရေးယူဖို့ စီစဉ်နေတဲ့ကာလ။
ဘင်္ဂလားဒေ့ရ်ှဆိုတာက အိန္ဒိယမှာ အိန္ဒိယနဲ့ ပါကစ္စတန်နှစ်ခြမ်းကွဲ၊ ပါကစ္စတန်မှာ အရှေ့ပါကစ္စတန်နဲ့ အနောက် ပါကစ္စတန် နှစ်ခြမ်းကွဲပြီးမှ ဖြစ်လာတဲ့နိုင်ငံဆိုတော့ အဲဒီအချိန် နိုင်ငံတောင် မဖြစ်သေးဘူး။ ထိုင်းမှာ ကလဲ ကမ္ဘောဒီးယား၊ လာအိုတို့နဲ့ စစ်ပွဲထဲ သူသိမ်း၊ကိုယ်သိမ်းနယ်နိမိတ်တွေခွဲနေရတဲ့အချိန်ဖြစ်သလို နိုင်ငံထဲ မှာ ထိုင်း စစ်ဘက်က အာဏာယူထားရတဲ့အချိန်။ ထိုင်း-အမေရိကန်တောင် မဟာမိတ်ကောင်းကောင်း မဖွဲ့ရ သေးဘူး။
ဗီယက်နမ်ဆိုတာက ပြင်သစ်လက်အောက်ကနေ ဗီယက်နမ်ကို တိုက်ယူနေရတဲ့အချိန်၊ အမေရိကန်ပါတဲ့ နာမည်ကြီး ဗီယက်နမ်ပြည်တွင်းစစ်ပွဲ မစသေးတဲ့အချိန်ဖြစ်နေတယ်။ စင်ကာပူမှာက အင်္ဂလိပ် လက်အောက် မှာပဲ ရှိသေးတယ်၊ မလေးရှားနဲ့စင်ကာပူ သီးခြားစီနိုင်ငံဖြစ်လာမယ်ဆိုတဲ့ အစီအစဉ်တောင် မရှိသေးဘူး။
ဒီလိုမျိုး အာရှဒေသမှာ ဘယ်နိုင်ငံမှ ကောင်းကောင်းမရပ်တည်နိုင်သေးတဲ့အချိန်မှာ ကိုယ့်မြန်မာ ခေါင်းဆောင် တွေစွမ်းလို့ လွတ်လပ်ရေး စောပြီးရတယ်။ ဒုတိယကမ္ဘာစစ်ရဲ့ဒဏ်၊ ဂျပန်၀င် အင်္ဂလိပ်ထွက်၊ အင်္ဂလိပ်၀င် ဂျပန် ထွက် စစ်ဒဏ်အကြိမ်ကြိမ်ခံပြီးမှ လွတ်လာတဲ့နိုင်ငံ ဘယ်လိုချမ်းသာခဲ့လဲ ဘာသမိုင်းမှာမှ မရှိဘူး။ အဲဒီကာလ တစ်လျှောက်လုံး နိုင်ငံရေးမှာ နာမည်ကြီးက ဦးနု။ ဦးနုအကြောင်း စာအုပ်တွေရှာဖတ်၊ ဘယ်နားမှာမှ နိုင်ငံ တိုးတက်တယ်၊ ချမ်းသာတယ် ဆိုတာ မပါဘူး။ သမိုင်းမှန် မှတ်တမ်းတင်ထားတဲ့ စာအုပ်တွေမှာဆို ပိုဆိုးသေး။ အရှေ့တောင်အာရှမှာ လွတ်လပ်ရေးရတာတစ်ခုကလွဲရင် အကုန်ဖွတ်ပဲ။
ပြည်တွင်းရေးအခြေအနေကိုကြည့်အုံး။ လွတ်လပ်ရေးရပြီး တစ်နှစ်ကျော် ၁၉၄၉ ဇန်နဝါရီ ၂၇ မှာ ကရင်လက်နက်ကိုင်တွေက တောင်ငူကို သိမ်းလိုက်ပြီ။ မကြာခင် အထက်မြန်မာနိုင်ငံဘက်မှာ ပျဉ်းမနား၊ ရမည်းသင်း၊ပျော်ဘွယ်၊မိထ္ထီလာ၊မန္တလေး၊မေမြို့ အကုန်လုံး ကရင်အဖွဲ့ ကေအင်ဒီအိုတွေက သိမ်းတယ်။ မြင်းခြံ၊ ပခုက္ကူ၊ ရေနံချောင်း၊ ချောက်၊ မကွေး၊ မင်းဘူး ကို ရဲဘော်ဖြူနဲ့ ကွန်မြူနစ်က သိမ်းတယ်။ အောက်ပိုင်းမှာဆို အင်းစိန်၊ တောင်ငူ၊ ညောင်လေးပင်ကနေ သထုံ၊ မော်လမြိုင်၊ ပြည်နဲ့ မြစ်၀ကျွန်းပေါ်ကို သိမ်းတယ်။ ရန်ကုန်တစ်ကွက်ထဲ အစိုးရအုပ်ချုပ်ရတဲ့နိုင်ငံက ကမ္ဘာ့အတိုးတက်ဆုံး ဖြစ်မလား။
အစိုးရကိုလဲ ကြည့်အုံး။ ဘဏ္ဍာရေးအသုံးစရိတ်ပြတ်ပြီး အစိုးရအမှုထမ်းတွေရဲ့လစာကို ၁၅ ရာခိုင်နှုန်း ကနေ ၃၀ ရာခိုင်နှုန်းထိ ဖြတ်လို့ ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီလမှာ အမှုထမ်းသပိတ်က ဖြစ်နေပြီ။ လွတ်လပ်ရေးအတူ တိုက်ခဲ့တဲ့ ဖဆပလ နှစ်ခြမ်းကွဲတယ်။ နောက်ထပ်ကွဲလာတဲ့ နိုင်ငံရေးအုပ်စုတွေတိုင်းမှာလဲ လက်နက်ကိုင် အဖွဲ့တွေ ကိုယ်စီရှိကြတယ်။ လွတ်လပ်ရေးရပြီး တစ်နှစ်တောင်မကြာဘူး။ ဖွာလန်ကျဲနေခဲ့တဲ့ နိုင်ငံ။
ကရင်ဇာတ်လမ်းမပြတ်သေးတဲ့အချိန်မှာ ပဒေသရာဇ်ဇာတ်လမ်း ဆက်လာတယ်။ ရှမ်း၊ကချင်၊ မွန်၊ ရခိုင် ပြည်နယ်ခွဲထွက်ခွင့်တွေ တောင်းဆိုလာတယ်။ ရှမ်းနိုင်ငံ၊ ၀မ်ပေါင်နိုင်ငံ ဇာတ်လမ်းတွေ ထွက်လာတယ်။ အဲဒီ အချိန်မျိုးမှာ နိုင်ငံရေးသမားတွေ အာဏာဘယ်လိုလုကြလဲ လိုက်ဖတ်ကြည့်ရင် ပိုတောင်စိတ်ပျက်ဖို့ ကောင်း သေးတယ်။ ဘယ်သူကအာဏာရှိမှန်းမသိတဲ့နိုင်ငံကို တိုးတက်တယ်လို့ ဘယ်လိုစာတွေဖတ်ပြီး၊ ဘယ်လို ပါးစပ်နဲ့ပြောကြမှန်း စဉ်းစားလို့တောင် မရဘူး။
အခုလို ပြည်နယ်နဲ့တိုင်းတွေတောင် မရှိသေးဘူး။ တိုင်းရင်းသားတစ်ခုချင်းစီကို ပြောရင် ပိုဆိုးတယ်။ ဘယ်နားကမှ တိုးတက်ခဲ့တယ်၊ ချမ်းသာခဲ့တယ်ဆိုတာ မရှိဘူး။ အကုန်ကျီးလန့်စာစား နေနေရခဲ့တဲ့ ဘဝတွေ ကြီးပဲ။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ကြည့်ရင် ၁၉၆၂ ခုနှစ်အထိ သံမဏိစက်ရုံ ၊ ဂုန်နီစက်ရုံ၊ ပန်းကန်စက်ရုံ၊ သကြားစက်ရုံ၊ ဘိလပ်မြေစက်ရုံအပါ စုစုပေါင်း ၁၀ ရုံပဲ ဆောက်နိုင်တယ်။ အကြွေးက အမေရိကန်၊ အိန္ဒိယ၊ ပါကစ္စတန်၊ ရုရှား၊ ကမ္ဘာ့ဘဏ်တွေကနေ ပတ်ချေးထားတာ အကြွေး ၃၈၇၃ သိန်းက တင်နေပြီ။ သမိုင်းထဲမှာ အိမ်စောင့်အစိုးရဖြစ်တဲ့အချိန်ထိ တိုးတက်တယ်ဆိုတာ မရှိဘူး။ စုတ်ပြတ်သတ် အကြွေးဗရပွတွေပဲ ရှိတယ်။
၁၉၅၀ ကိုရီးယားစစ်ပွဲဖြစ်တော့ ဆန်စျေးတွေတက်လို့ အဲဒီကာလမှာ ဦးနုအစိုးရပိုက်ဆံပေါပြီး ပြည်တော်သာ စီမံကိန်းကို အမေရိကန်နဲ့ ပေါင်းလုပ်တာတော့ ရှိတယ်။ စီမံကိန်းစတဲ့ ၁၉၅၃ မှာ အစိုးရလက်ထဲမှာရှိတာက ၁၂၆. ၈၇ ကုဋေ၊ ကုန်မှာက ကုဋေ ၇၅၀၊ လိုတာကို ဟိုချေးဒီချေးလုပ်မယ်ဆိုပြီး စခဲ့ကြတာ။ မကြာခင် ဆန်စျေးကျတော့ ၁၉၅၅ မှာ အစိုးရလက်ထဲ ၃၆ ကုဋေပဲ ကျန်တော့တယ်။ ဘာစီမံကိန်းမှ ဆက်မလုပ်နိုင်တော့ ဘူး။ တရုတ်ဖြူကျူးကျော်တာကိုတိုက်လို့ အမေရိကန်ကလဲ မကူညီတော့ဘူး။ ၁၉၅၅ မှာကထဲက ရှိတာ ကုန်ပြီး မွဲနေပြီ။
သွင်းကုန် ကုမ္ပဏီက ၂၅၂၀မှာ နိုင်ငံခြားသား ကုမ္ပဏီက ၃၈၀၊ ကုမ္ပဏီထပ်လျှောက်ထားကြတာက ၄၇၄၇။ တစ်နိုင်ငံလုံး ဘာမှမထုတ်နဲ့၊ သူများနိုင်ငံဆီက သွင်းဖို့ပဲ လုပ်ခဲ့ကြတာ။ အစိုးရကမွဲ၊ နိုင်ငံရေးသမားကကွဲ၊ လက်နက်ကိုင်တွေက ခွဲနဲ့ ဘယ်နားမှာမှ အာရှမှာအချမ်းသာဆုံးဖြစ်ခဲ့တာ၊ တိုးတက်ခဲ့တာ မရှိဘူး။
ဦးနုလက်ထက်ပြီးတော့ ဦးနေ၀င်းခေတ်..။ ဦးနုလက်ထက်က အကြွေးတွေ၊ ဆူပူသောင်းကျန်းမှုလက်ကျန် တွေကို မဆလပါတီဖွဲ့ပြီး သူ့နည်းသူ့ဟန်နဲ့ ဆက်ဖြေရှင်းတယ်..။ မအောင်မြင်ဘူး။ ဦးနေ၀င်းဆိုတိုင်း ဆဲမယ်မလုပ်နဲ့အုံး..။ ဦးနေ၀င်းက ၁၉၇၈ မှာ တပ်ကပင်စင်ယူပြီးပြီ.။ အဲဒီအချိန် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တွေထဲ အခုအန်အယ်လ်ဒီက ဦးတင်ဦးလဲ ပါတယ်..။၁၉၈၁ ကနေ ၈၈ ထိ သမ္မတက ဦးစန်းယု၊ဦးစိန်လွင်၊ ဒေါက်တာမောင်မောင် (၃)ဆက်။ ပါတီခေတ်ဆိုတော့ အခု တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်တို့လိုမျိုး အဲဒီအချိန် ဦးနေ၀င်းက ပါဝါအကြီးဆုံး။ ။ ချမ်းသာဖို့မပြောနဲ့၊ အစိုးရဆန်တွေ၀င်လုတဲ့ အရေးအခင်းတွေ၊ တရုတ်-ဗမာ အရေးအခင်းတွေ၊ ကျောင်းသား ဆူပူမှုတွေ၊ လက်နက်ကိုင်သောင်းကျန်းမှုတွေ ကြီးပဲ..။ ဦးနုကတောင် ပြည်ပြေးအစိုးရဖွဲ့ပြီး လက်နက်ကိုင် တော်လှန်ဖို့ထိ လုပ်လိုက်သေး။ နောက်ဆုံး ၁၉၈၇မှာ ကမ္ဘာ့ဖွံ့ဖြိုးမှုအနိမ့်ကျဆုံးနိုင်ငံ စာရင်းသွင်း ပေးဖို့ပါ လျှောက်လိုက်ရတယ်..။
ရန်ကုန်ကို စင်ကာပူကလာလေ့လာတယ်ဆိုပြီး ဘ၀င်မမြင့်ကြနဲ့..။ ဦးဘဂျမ်းကာတွန်းတွေကိုကြည့်။အဲဒီအချိန် မော်လမြိုင်၊ဘားအံကိုတောင် ကောင်းကောင်းသွားလို့မရသေးဘူး..။ ဆိပ်ကမ်းမြို့ဖြစ်တာရယ်၊ အစိုးရရုံးစိုက်ထားတာရယ်ကြောင့် ရန်ကုန် တစ်ခုပဲကွက်ပြီး အဆင်ပြေနေတာ။ ရန်ကုန်တက္ကသိုလ်ကြီးဟာ ကမ္ဘာ့အဆင့်မီတွေဘာတွေ ပြောမနေနဲ့။ အဲဒီအချိန်တစ်နိုင်ငံလုံးမှာ အ-သုံးလုံး တောင် မနည်းတက်ခိုင်းနေရတာ ပြန်မေးကြည့်။
လွတ်လပ်ရေးရပြီးကတည်းကနေ ၁၉၈၇ ထိ ဘယ်နားကမှချမ်းသာခဲ့တယ်ဆိုတာ မရှိဘူး..။ နိုင်ငံရေးသမားတွေ မွှေလို့ ပေါ်ထွက်လာတဲ့ လက်နက်ကိုင်အဖွဲ့တွေသမိုင်းနဲ့ တစ်နိုင်ငံ လုံး တစ်စစီ မကွဲသွားအောင် တာ၀န်ယူပေးခဲ့တဲ့ တပ်မတော်ရဲ့သမိုင်းတွေပဲ ရှိတယ်။
ဦးတိမ်
Comments
Post a Comment