ပျော်တယ်ဆိုတဲ့ကိစ္စ
ပျော်တယ်ဆိုတဲ့ကိစ္စ (မြင့်သန်း)
ငယ်ငယ်က အဖေရယ်၊ ဘကြီးသုခရယ်၊ ဦးလေးခန့်ရယ် ဘုန်းကြီး ဦးအဂ္ဂရဲ့ ဖိုရုံကလေးမှာ ထိုင်စကားပြောကြရင်း ငြင်းကြတဲ့ အကြောင်းတစ်ခုရှိတယ်။ "ပျော်တယ်" ဆိုတဲ့အကြောင်းပဲ။ ဘာရယ်တော့ မဟုတ်ဘူး။ ရေနွေးကြမ်းသောက်ကြရင်း စကားအူပေါက် လျှောက်ပြောကြရာက အဲဒီအကြောင်းကို ပြောလေ့ရှိကြတာပဲ။ ဦးလေးခန့်ကတော့ ကျောင်းဆရာပေတဲ့ စကားနည်းတယ်။ (အဖေတို့တစ်တွေဟာ ကျောင်းဆရာဘဝက လာကြတာချည်းပဲ။ ဦးလေးခန့် တစ်ယောက်သာ သေတဲ့အထိ ကျောင်းဆရာ လုပ်သွားတာ။) သူက နားထောင်တာ များတယ်။ ကျွန်တော်ကတော့ အဖေနဲ့ ဘကြီးသုခတို့နှစ်ယောက်သား စကားအချေအတင်ပြောရင် သဘောကျတယ်။ ကျွန်တော် သဘောကျတဲ့ အဓိကအချက်တစ်ခုကတော့ အဖေနဲ့ ဘကြီးသုခတို့နှစ်ယောက်ရဲ့ ကျောထောက်နောက်ခံအမြင်ဟာ လုံးလုံးကို မတူဘူး။ အဖေက ဘာသာရေးမှာ အခြေခံတယ်။ ဘကြီးသုခက လွတ်လပ်စွာ တွေးခေါ်မှုမှာ အခြေခံတယ်။
အဖေနဲ့ ဘကြီးသုခတို့ပြောတဲ့ "ပျော်တယ်"၊ "မပျော်ဘူး"။ "လူဘယ်လိုပျော်သလဲ"၊ "လူပျော်နိုင်သလား" ဆိုတာတွေကို အရှည်အကျယ် စဉ်းစားမကြည့်ခဲ့မိဖူးဘူး။ ခေါင်းထဲမှာတော့ ရှိနေတယ်။ မဟုတ်ရင် ဦးနှောက်ရဲ့ နောက်ကျော တစ်နေရာမှာ ရှိနေခဲ့ပုံပဲ။ အထူးသဖြင့် အသက်ကြီးလာတော့ လူငယ်တွေ ပျော်တာတွေ့ရင် ငါကော ဒီလိုပျော်ဖူးသလားဆိုတဲ့ မေးခွန်းက ပေါ်လာတတ်တယ်။ မနှစ်ကတော့ ခရီးသွားရင်း ကျွန်တော့်ဇနီးရယ်၊ ကျွန်တော့် မိတ်ဆွေရယ်၊ ကျွန်တော်ရယ် ထိုင်ပြီး စကားပြောဖြစ်ကြတယ်။ အဲဒီတုန်းမှာ မိတ်ဆွေက တို့ ဘယ်တော့လောက် ဟိမဝန္တာတောင်ခြေ သွားကြမလဲလို့ မေးတယ်။ သူက အတည်ပြောတာ။ ဇနီးသည်က ရှင်လည်း အဲဒီစာရင်းထဲ ပါသွားပြီလားလို့ မိတ်ဆွေကို ကြားဖြတ်မေးတယ်။ ပြီးတော့ ကျွန်မလည်း သူ့ကို သွားစေချင်ပါတယ်လို့ ဆက်ပြောတယ်။ မိတ်ဆွေကတော့ ပြန်မဖြေဘဲနေပြီး ခေါင်းခါတယ်။ ခေါင်းခါတယ်ဆိုတာကလည်း ခက်တော့ အခက်သား။ ဒါပေတဲ့ ကျွန်တော့်မိတ်ဆွေ ခေါင်းခါတာကတော့ မကောင်းစိတ်နဲ့ ဆန့်ကျင်စိတ်နဲ့ မဟုတ်ဘူးဆိုတာ ကျွန်တော် ယုံတယ်။
ဟိမဝန္တာတောင်ခြေ ကိစ္စကတော့ ဒီလို။ ကျွန်တော့်ခေါင်းထဲမှာ မသေခင် လုပ်ချင်တာကလေး ဆယ်ခုလောက် စာရင်းလုပ်ပြီး တေးထားတယ်။ အဲဒီအထဲမှာ တစ်ခုက ဘာမှလုပ်စရာ မရှိတော့တဲ့ တစ်နေ့မှာ လူသူ အရောက်အပေါက်နည်းတဲ့ ဟိမဝန္တာ တောင်ခြေတစ်နေရာရာက စမ်းချောင်းကလေးတစ်ခုဆီသွားပြီး ထိုင်နေရင်း လေချွန်ချင်တယ်။ ဒီအကြောင်းကို ဇနီးသည်ကို ပြောပြဖူးတယ်။ ဆယ်နှစ်မကတော့ဘူး။ စပြောတုန်းကတော့ သူက ရယ်တယ်။ ကျွန်တော့်ရဲ့ တိမ်းစောင်းနေတဲ့ စိတ်ကူးထည်ပေါင်း များစွာထဲက တစ်ခုပဲလို့ လက်ခံလိုက်ပုံရတယ်။ နောက်တစ်ကြိမ်တော့ လန်းပန်က မဲပင်မြစ်နံဘေးဆီက စားသောက်ဆိုင်မှာ ထမင်းစားနေကြရင်း ရေခန်းစပြုနေတဲ့ မြစ်ကိုကြည့်ပြီး ကျွန်တော့်ရဲ့ ဟိမဝန္တာတောင်ခြေစီမံကိန်းကို သတိရလိုက်မိလို့ ပြောမိပြန်တယ်။ ဒီတော့မှ သူက ရှင် တကယ့်ကို လုပ်ချင်နေတာပဲလို့ ကောက်ချက်ချပြီး ဒီလိုဖြင့် ရှင်အားတဲ့အခါ သွားပေါ့လို့ အားပေးတယ်။ နောက်ပြီး အဲဒီသွားပြီး ရှင်လုပ်ချင်တာလုပ်ရင် ပျော်မယ်ထင်သလားဆိုတဲ့ မေးခွန်းမေးတယ်။ တကယ်တော့ ကျွန်တော့်အနေနဲ့ ပျော်ချင်လို့ အဲဒီဆီသွားချင်တာ မဟုတ်ဘူး။ ကျွန်တော် ရှင်းပြတော့ သူက ထပ်မေးတယ်။ ပျော်ချင်လို့မဟုတ်ဘူးဆိုရင် ဘာဖြစ်လို့ သွားချင်ရတာလဲတဲ့။ ကျွန်တော့် ဘက်က အကောင်းဆုံးပေးနိုင်တဲ့ အဖြေကတော့ ကျေနပ်မှု တစ်စုံတစ်ရာ ရမယ်ထင်တယ်ဆိုတာပဲ။ ကျေနပ်မှု တစ်စုံတစ်ရာရရင် ပျော်တယ်မဟုတ်လားလို့ သူက ထပ်မေးတော့ ကျွန်တော် မဖြေတတ်ဘူး။ ကျွန်တော့်ခေါင်းထဲမှာ ဖြေစရာမရှိဘူး။ တကယ်တော့ ကျေနပ်မှု တစ်စုံတစ်ရာ ရတယ်ဆိုတာက ပျော်တာမဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်။
သာမန်လူ့အဖွဲ့အစည်းထဲမှာ နေတဲ့ လူတစ်ယောက်အနေနဲ့တော့ "ပျော်တယ်"၊ "မပျော်ဘူး" ကို စဉ်းစားရာမှာ လူမှုဆက်ဆံရေးဘဝအထဲက သာမန်အနေအထားတွေနဲ့ပဲ ကျွန်တော် စဉ်းစားတယ်။ ဘာသာရေး ရှုထောင့်ကို ထည့်မစဉ်းစားဘူး။ ဘာသာရေး အခြေခံအမြင်တွေဟာ လူရဲ့သိမှုအတိုင်းအတာမှန်သမျှကို ကန့်သတ်လိုက်တာချည်းပဲ။ ဥပမာ ငနီနဲ့ ငဖြူဟာ မတူညီတဲ့ ဘာသာရေးတစ်ခုစီကို လက်ခံထားကြတယ်ဆိုကြပါစို့။ ငနီက ငါ လက်ခံထားတာက မင်းလိုအစွန်း မရောက်ဘူး။ ငါက အလယ်အလတ်က သမမျှတတဲ့ လမ်းစဉ်ပဲလို့ဆိုရင် သာမန်အနေအထားမှာတော့ ဟုတ်သယောင်ယောင်ပဲ။ တကယ်တမ်းမှာတော့ ငနီရဲ့အမြင်ဟာ တရားလက်လွတ်ပြောတဲ့ အမြင်။ သူ့ရဲ့ ရှိနေမှု/ဖြစ်တည်နေမှု တစ်ခုတည်းပေါ်မှာသာ ကြည့်ပြီး လက်ခံထားတဲ့ အမြင်ပဲ။ အကြောင်းက ငနီဟာ ငဖြူရဲ့ သီးခြားဖြစ်ရှိနေခြင်းကို အသိအမှတ်မပြုရုံတင်မကဘူး ငဖြူ ပါဝင်ပတ်သက်နေရတဲ့ လူ့အဖွဲ့အစည်းရဲ့ အလားတူ အကြောင်းတွေကို ထည့်မစဉ်းစားလို့ပဲ။ တကယ်တော့ အစွန်းရောက်တယ်၊ တစ်ဖက်စောင်းနင်းဖြစ်တယ်ဆိုတာ မှန်သမျှဟာ တခြားလူ့အဖွဲ့အစည်းက ထွက်လာတဲ့ အသံချည်းပဲ။ ခလောက်သံကြားလို့ နွားရှိမှန်း သိတယ်ဆိုတဲ့ အမြင်လောက်ပဲ။ တကယ်တော့ ခလောက်ကို ချုံပေါ်မှာ ချိတ်ထားလို့ လေတိုးရင် အသံထွက်နေတာ။ နွား မရှိဘူးဆိုတာကို သိတာမျိုး မဟုတ်ဘူး။ ဘာသာရေး အခြေခံအမြင်တိုင်းမှာ တခြားတစ်ဖက်ထက် ကိုယ်က သာတယ်လို့ လက်ခံထားတာချည်းပဲ။ ဒီနေရာမှာ ကျွန်တော်ဆိုလိုချင်တာက ဒီလောက်ပဲမို့ ဒီအပိုင်းကို ချန်ခဲ့ပါ့မယ်။
လူ့အဖွဲ့အစည်းအကြောင်းကို ထည့်ပြောရတာလည်း အကြောင်းရှိပါတယ်။ လူ့အဖွဲ့အစည်းဟာ မရပ်မနား ပြောင်းလဲနေတယ်။ "ပြောင်းလဲနေတယ်" လို့ ဆိုရာမှာ တိုးတက်တယ်၊ ကောင်းလာတယ်ဆိုတာတွေနဲ့ တစ်သားတည်း တစ်မျိုးတစ်စားတည်း မမြင်စေချင်ဘူး။ "တိုးတက်တယ်"၊ "ကောင်းတယ်" ဆိုတာက သီးခြားပေတံနဲ့ တိုင်းရမယ့်ကိစ္စ။ ပြောင်းလဲနေတာဟာ ပြောင်းလဲနေတာပဲ။ ပြောင်းလဲနေခြင်းကြောင့် လူဟာ သူပါဝင်ပတ်သက်နေရတဲ့ လူ့အဖွဲ့အစည်း ထဲမှာ အခက်အခဲတွေနဲ့ တိုးရတော့တယ်။ ပြောရရင်တော့ ပြောင်းလဲလာတဲ့ လူ့အဖွဲ့အစည်းတွေနဲ့ သီးခြားလူတစ်ဦးချင်းစီရဲ့ ဆန္ဒ/အလို/တပ်မက်မှုတွေအကြားမှာ ပြဿနာတွေ ပေါ်လာတယ်။ လူတစ်ဦးချင်းစီရဲ့ ဆန္ဒနဲ့ လူ့အဖွဲ့အစည်းရဲ့ ဖြစ်ရှိနေခြင်းအကြားမှာ အမြီးအမောက် မတည့်တာတွေ ပေါ်လာတယ်။ လူတစ်ယောက်အဖို့ နေ့စဉ်ဘဝထဲမှာ အမြီးအမောက်မတည့်တာနဲ့ တိုးရရင် ပျော်တယ်ဆိုတာ မရှိနိုင်တော့ဘူး။ ကိုယ့်ကိုယ်ကိုယ် အပြစ်ဖို့တာ များလာမှာပဲ။ ၁၉၃၀ မှာ ပုံနှိပ် ထုတ်ဝေခဲ့တဲ့ ဖရိုဒ် Sigmund Freud ရဲ့ Civilisation and Its Discontents မှာ "ယဉ်ကျေးမှု တိုးတက်လာတယ်ဆိုတဲ့အတွက် လူတွေဘက်ကဆုံးရှုံးသွားရတာကတော့ ပျော်ရွှင်ခြင်းပဲ" (စာ၊ ၇၁) လို့ ဆိုခဲ့တယ်။ ဒီလိုအနေအထားမျိုးမှာ ကိုယ်က ကိုယ့်တရားကလေးနဲ့ကိုယ်နေရင် ဖြစ်ပါတယ် ဆိုတာမျိုး။ ဥပေက္ခာပြုနိုင်ရင် ပြီးတာပဲ ဆိုတာမျိုးတွေကို အဖြေသဘောမျိုး ပြောတာတွေ အပုံချည်း ကြားရဖူးပါတယ်။ တကယ်တော့ ဒီအပြောမျိုးတွေဟာ ဘာသာရေး တစ်စုံတစ်ခုကို ကျောထောက်နောက်ခံ သဘောထားပြီး ပြောတာပဲ။ လူ့အဖွဲ့အစည်းထဲမှာ နေ့စဉ်ဘဝထဲမှာ အသက်နဲ့ကိုယ် တွဲနေဖို့ ကြိုးစားနေရတဲ့ လူတိုင်းမှာ အဲဒီအမြင်ကို လက်ကိုင်မထားနိုင်ဘူး။ လက်မကို မီတာနဲ့ တိုင်းတာမျိုး။ ပိဿာကို ကီလိုနဲ့ချိန်တာမျိုး မလုပ်နိုင်ဘူး။ ယှဉ်နိုင်အောင် ရပ်ဝန်းတစ်ခုလိုမယ်။ လူ့အဖွဲ့အစည်းထဲက နေ့စဉ်ဘဝထဲကို သီးခြားအဆောက်အအုံတွေ ဖြစ်နေကြတဲ့ "ဘာသာရေး" "အနုပညာ" စတာတွေကို မလိုအပ်ဘဲ ဆွဲသွင်းလာပြီး ချိန်ထိုးခိုင်းလို့ မဖြစ်နိုင်ဘူး။
လူ့အဖွဲ့အစည်းရဲ့ ကစဉ့်ကလျား ဖြစ်နေခြင်းဟာ "သာမန်" အသွင် ဆောင်နေတယ်။ ဒီကနေ့ပြောနေကြတဲ့ "သာမန်" ဆိုတာက အထိန်းအကွပ်မဲ့ ထားတဲ့ပုံစံပဲ။ ကလေးတစ်ယောက်ကို လွှတ်ပေးထားတာဟာ "သာမန်" ပဲလို့ မြင်ထားတတ်ကြတယ်။ နိုင်ငံတစ်ခု အနေအထားနဲ့ဆိုရင် (အထူးသဖြင့် ဖွံ့ဖြိုးစနိုင်ငံတွေမှာ) ရေးသားမထားပေတဲ့ "လွှတ်ပေးထား" ဆိုတဲ့မူကို သုံးနေကြတာ များတယ်။ အဲဒါကလည်း မဟာဗျူဟာ ဌာနကြီးတွေရဲ့ လေ့လာချက်တွေ အောက်က ထွက်လာတာ။ မျက်နှာစာ အတော်များများမှာ "လွှတ်ပေးထား" မူကိုသုံးတဲ့အတွက် အုပ်ချုပ်ရေးအပိုင်းမှာ ရန်နည်းတယ်။ တစ်နည်းဆိုရင် အုပ်ချုပ်ရေးအပိုင်းအတွက် ဖြေရှင်းနေစရာ ပြဿနာနည်းလို့ သူတို့ ဘာသာ လုပ်ချင်ရာလုပ်ခွင့်ရတဲ့သဘောပဲ။ အုပ်ချုပ်ရေးအပိုင်းကို မေ့ထားတယ်။ လျစ်လျူရှုထားတယ်။ တကယ်တမ်းမှာတော့ အဲဒီလူ့အဖွဲ့အစည်းတွေမှာ ဘက်စုံမပျော်ရွှင်နိုင်ကြီးများနဲ့ ရှင်သန်လှုပ်ရှားနေတာပဲ။ သာမန် ဆိုတာကို ပါမောက္ခလိုင်း R.D Laing စကားနဲ့ဆိုရရင် အုံ့ပုန်းဘဝ၊ အပယ်ခံဘဝ . . စတာတွေရဲ့ ထုတ်ကုန်ပဲ။ လူရဲ့ အတွေ့အကြုံတွေပေါ် သက်ရောက်နေတဲ့ ဖျက်လိုဖျက်ဆီး အပြုအမှုတွေပဲ။ ဒီကနေ့ လူ့အဖွဲ့အစည်းတွေမှာ သီးခြား လူတစ်ဦးချင်းစီဟာ ယေဘုယျကျတဲ့ မပျော်ရွှင်မှုနဲ့ နေ့စဉ်ဘဝမှာ ရှင်သန်နေကြတာပဲ။ ဘာရယ်လို့ မပြောနိုင်ပေတဲ့ မပျော်ရွှင်နိုင်မှုဟာ ရှိနေတယ်။ ရပ်ဆလ် Bertrand Russell ပြောဖူးခဲ့တဲ့ စကားကို ယူပြောရရင် နေ့စဉ်ဘဝထဲကလူတွေ မပျော်ရွှင်နိုင်တာဟာ လူရဲ့အပမှာရှိနေတဲ့ အကြောင်းကြောင့်ပဲလို့ မပြောနိုင်ပေတဲ့ လွတ်အောင်ရှောင်ပြေးလို့ မရနိုင်ဘူးလို့ပဲ ပြောရလိမ့်မယ်။ အမှန်ပဲ။ လူတိုင်းရဲ့ဆီမှာ ပျံ့လွင့်နေတဲ့ အတွေ့အကြုံတစ်ခုဟာ မပျော်ရွှင်နိုင်တဲ့ အတွေ့အကြုံပဲ။ မပျော်ရွှင်နိုင်တာက ငါဟာ လူ့အဖွဲ့အစည်းကြီးအတွက် မစွမ်းနိုင်ပါကလားဆိုတဲ့ အသိဟာ လူ့ရဲ့ သိမှုတစ်နေရာမှာ ကပ်ငြိနေတာလည်း ပါတယ်။
ဒီကနေ့ ကမ္ဘာကြီးဟာ ကူးလူးဆက်ဆံမှု မြန်လာတယ်။ ရှာဖွေ လုပ်ကိုင် စားသောက်ပုံတွေလည်း မြန်လာတယ်။ ဒီတော့လည်း လူတွေ/လူအများစုဟာ ကိုယ်နဲ့ဆိုင်တာရော မဆိုင်တာတွေပါ သိလာကြရတယ်။ ဆိုးရွားလာတာက သိရုံနဲ့ ရပ်မနေတော့ဘဲ ကိုယ်နဲ့ဆိုင်သလို ထင်မှတ်မှားလာကြတာပဲ။ အရပ်စကားနဲ့ ဆိုရရင်တော့ ကိုယ့်ပြဿနာကို ကိုယ့်ဘာသာ ရှာလာတာပဲ။ မိမိဘာသာ ကျေနပ်သာယာမှုဘဝကို စွန့်လွှတ်လာကြတာပဲ။ ဥပမာ မိသားစုတစ်ခုကိုပဲ ပုံစံတစ်ခုအနေနဲ့ ယူကြည့်ပါ။ လင်မယားအကြား၊ မိဘနဲ့သားသမီးအကြား၊ မောင်နှမအကြားမှာ အရင်က ရှိခဲ့ဖူးတဲ့ လူမှုဆက်ဆံရေး စနစ်အောက်က စိတ်ဝင်တစားရှိပုံမျိုးအပြင် အပက ရရှိထားတဲ့သိမှုတွေ အများကြီးဝင်ရောက်နေတယ်။ လူမှုဆက်ဆံရေး ပုံစံပြောင်းသွားတဲ့အတွက် မိဘက သားသမီးအတွက် ပူပင်စရာများလာသလို မိဘအနေနဲ့လည်း သူတို့ လူမှုဆက်ဆံရေးဘဝထဲမှာ ထည့်စဉ်းစားဖို့ ပိုလာတယ်။ ပြောစရာတွေ ပိုလာတယ်။ အဲဒီပိုလာတဲ့ အထဲမှာ သုံးပုံနှစ်ပုံလောက်က သူတို့ရဲ့ နေ့စဉ်ဘဝနဲ့ တိုက်ရိုက်မသက်ဆိုင်တဲ့ အကြောင်းတွေပဲ။ ဒါပေတဲ့လည်း အပကနေ အသိပေးထားတာတွေကြောင့် လူများစုရဲ့ စိတ်ထဲမှာ သူတို့နဲ့ တိုက်ရိုက်သက်ဆိုင်နေသလိုပဲ။ ဥပမာ ဒီကနေ့ကမ္ဘာကြီးမှာ "ဒီမိုကရေစီ" ဆိုတာ အများဆုံးသုံးတဲ့ စကားလုံးတစ်ခု။ လူတိုင်းနဲ့ဆိုင်သလိုမျိုးပဲ။ ဥရောပတက္ကသိုလ်တစ်ခုက ဒီမိုကရေစီအကြောင်း ပြောဆိုနေတဲ့ လူတွေကို ဒီမိုကရေစီဆိုတာ ဘာလဲ၊ ဘယ်သူ့ ဒီမိုကရေစီလဲဆိုပြီး မေးခွန်းမေးပြီး သုတေသနလုပ်တော့ တစ်ရာမှာ ကိုးဆယ့်ကိုးရောက်လောက်က သေသေချာချာ အဖြေမပေးနိုင်ကြဘူး။ ကျန်တဲ့ ခုနှစ်ယောက်မှာ လေးယောက်က အမေရိကန် ဒီမိုကရေစီစနစ်ကို ညွှန်းသတဲ့။ ဒီတော့ သုတေသနလုပ်သူတွေက အဲဒီခုနစ်ယောက်ကို အမေရိကန်အစိုးရမှာ ၁၉၈၃ ခုနှစ်က ကွန်ဂရက်ရဲ့ သဘောတူညီချက်အရ National Endowment for Democracy NED ဆိုတာရှိတယ်။ အဲဒီကနေ နိုင်ငံငယ်တွေက အတိုက်အခံတွေကို လက်ကြိတ်ထိုး ပိုက်ဆံပေးပြီး ပြည်တွင်းမတည်ငြိမ်မှုဖြစ်အောင် လုပ်စေတယ်ဆိုတာ ကြားဖူးသလားလို့မေးတော့ မကြားဖူးကြဘူးလို့ ဖြေကြသတဲ့။ ဒီမှာ ကျွန်တော်ဆိုလိုချင်တာက ကနေ့ လူ့အဖွဲ့အစည်းထဲမှာ သိမှုအတိုင်းအတာ ကျယ်ပြန့်နေတာမှန်ပေတဲ့ လိုအပ်တဲ့ သိမှုအတိုင်းအတာက နည်းနေသေးတယ်။ အပြည့်အဝမသိဘဲ လူတစ်ဦးချင်းစီရဲ့ လူ့အဖွဲ့အစည်းထဲမှာ ပါဝင် ပတ်သက်နေမှုဟာ အကြောင်းတရားအားဖြင့် မှန်ကောင်း မှန်ပေတဲ့ အကျိုးတရားဖြစ်စေမယ့် ချဉ်းကပ်ပုံဟာ လွဲနေသေးတယ်။ တခြားဥပမာတစ်ခုပေးရရင် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဘာဘာညာညာ ကြွေးကြော်ပြီး သစ်ပင်စိုက်ဖို့ တရားဟောနေတဲ့ လူတွေကို သုတေသနလုပ်ကြည့်တော့ ခြောက်ဆယ်ရာခိုင်နှုန်းလောက်က ကိုယ့်အိမ်က ပန်းပင် သစ်ပင်ကို ရေမလောင်းဖူးတဲ့လူတွေ။ ကျန် လေးဆယ်ရာခိုင်နှုန်းက တိုက်ခန်းမှာနေပြီး ကိုယ့်အနီးအနားက ပန်းခြံကိုတောင် ခြောက်လနေလို့ တစ်ခေါက် မရောက်ကြဘူးတဲ့။
ပျော်ရွှင်နိုင်ခြင်းအကြောင် ပြန်သွားရမယ်ဆိုရင် ရပ်ဆလ် ရေးခဲ့ဖူးတဲ့ အထဲက မပျော်နိုင်တဲ့ လူမျိုးသုံးမျိုးအကြောင်း နည်းနည်းရေးချင်တယ်။ အဓိကကတော့ ကိုယ့်ကိုယ်ကို အလေးထားတဲ့ လူမျိုးတွေပဲ။ တစ်မျိုးကတော့ အပြစ်မြင်တတ်တဲ့လူ။ ဒုတိယကတော့ ကိုယ့်ကိုယ်ကိုယ် သိပ်ချစ်တဲ့လူ။ နောက်ဆုံးကတော့ သူများထက် ငါက သာတယ်လို့ ထင်ထားတဲ့လူတွေပဲ။ ဒီလူတွေဟာ သိသိချည်းနဲ့ အဲဒီလိုဖြစ်နေတာ ဖြစ်ချင်မှဖြစ်မယ်။ ဒါပေတဲ့ တစ်နည်းမဟုတ်တစ်နည်း လူတိုင်းဟာ အဲဒီလိုမျိုး ဖြစ်နေတတ်တယ်တဲ့။ ကိုယ့်ကိုယ်ကိုယ် အပြစ်မြင်တဲ့ လူဆိုတာက မြင်မြင်ရာကို အမှားချည်းပဲ။ အမှားလုပ်နေကြတာပဲလို့ မြင်တတ်တဲ့ လူတွေပဲ။ တကယ်တော့ ဒီလိုလူတွေဟာ သူတို့ရဲ့ ပင်ကိုယ်သဘောသဘာဝနဲ့ သူဖြစ်စေချင်တဲ့ ရစေချင်တဲ့ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ ပြီးပြည့်စုံမှု နှစ်ခုတို့အကြားမှာ အမြဲတမ်း ပဋိပက္ခ ဖြစ်နေစေတဲ့ လူတွေပဲ။ သူ ဖြစ်စေချင်တဲ့ ရစေချင်တဲ့ ကိုယ်ကျင့်တရားပိုင်း ဆိုင်ရာဆိုတာက ပြီးပြည့်စုံရမယ် ဆိုလေတော့ မဖြစ်နိုင်ဖို့က များတယ်။ ဒီတော့လည်း ဒီလိုလူမျိုးမှာ အမြဲလို မကျေမနပ်ဖြစ်နေမှာပဲ။ မကျေမနပ် ဖြစ်နေတာဟာ အပြစ်တစ်ခုဖြစ်နေတဲ့ သဘောပဲ။ မကျေမနပ်ဖြစ်နေတဲ့ လူတစ်ယောက်ဟာ ဘယ်လိုလုပ်ပြီး ပျော်နိုင်မှာလဲ။ ဒုတိယအမျိုးအစားဖြစ်တဲ့ ကိုယ့်ကိုယ်ကိုယ် သိပ်ချစ်တဲ့လူကတော့ ပထမလူလို မြင်မြင်ရာနဲ့ တိုက်ရိုက်မဆိုင်ဘူး။ သူ့ကိုယ်သူနဲ့ ပိုဆိုင်တယ်။ သူက သူ့အသွင်အပြင်၊ သူ့လိုအပ်မှု၊ သူ့အတွက် အရေးပါမှု၊ သူ့အခွင့်အရေးတွေ အားလုံးကို ပေါင်းစည်းလက်ခံထားတဲ့လူ။ သူ့အနေနဲ့ အဲဒါတွေနဲ့ပတ်သက်တဲ့ လိုအပ်ချက်တွေကို ဘယ်တော့မှ ဖြည့်တင်းပေးနိုင်မှာ မဟုတ်ဘူး။ သူများကို သူကအားကျတာနဲ့ သူ့ကို သူများက အားကျစေချင်တာအကြားမှာ သူ့ဘဝဟာ ခလောက်ဆန်နေမှာပဲ။ ပစ္စုပ္ပန်နဲ့ သူ ခံစားတွေ့ကြုံနေရတာတွေအပေါ်မှာ သူ့အနေနဲ့ ဂရုစိုက်နိုင်မှာ မဟုတ်ဘူး။ ဒီတော့လည်း သူ့အဖို့ ပျော်ရွှင်စရာတိုးပွားဖို့ ဘာအကြောင်းမှ မရှိတော့ဘူး။ သူများထက် ငါသာတယ်လို့ မြင်ထားတဲ့ လူအဖို့ကတော့ ဘာလုပ်လုပ် သူများထက် သာဖို့က အကြောင်းရင်းပဲ။ တစ်နည်းဆိုရရင် သြဇာအာဏာဟာ သူ့အတွက် အဓိက။ သြဇာအာဏာဆိုတာက ဒီနေရာမှာ တိုင်းပြည်အုပ်ချုပ် မင်းလုပ်တာကို ဆိုလိုတာ မဟုတ်ဘူး။ အရပ်စကားနဲ့ဆိုရရင်တော့ သူများအပေါ် "ကျော" နေရတာကို ဆိုချင်တာ။ ဒီလိုလူမျိုးမှာ ဘယ်လိုလုပ်ပြီး ပျော်ရွှင်စရာရှိမှာတဲ့လဲ။
လူတွေဟာ ကိုယ့်ဘဝ ရပ်တည်နိုင်ဖို့ အောင်မြင်ဖို့ဆိုတာတွေကို လုပ်နေကြရတာချည်းပဲ။ ဒါကို မငြင်းနိုင်ဘူး။ ဒါကြောင့်လည်း ကိုယ့်ကိုယ်ကို မြေတောင် မြှောက်ပေးတဲ့နည်းလမ်း (မြန်မာလို တက်ကျမ်းလို့လည်း ခေါ်တယ်ထင်တယ်။) စာအုပ်တွေ အပုံချည်း ထွက်နေတာ။ အောင်မြင်ဖို့ ကြိုးစားရာမှာ ရှေ့မှာ ရပ်ဆလ် ပြောခဲ့တဲ့ လူအမျိုးအစား တစ်ခုခုအထဲကို တစ်ကြိမ်မဟုတ် တစ်ကြိမ်တော့ ကျသွားမှာပဲ။ ဒီအတွက် ဝမ်းနည်းစရာ မဟုတ်သလို ဝမ်းသာစရာတော့လည်း မဟုတ်ဘူး။ ဒါပေတဲ့ အောင်မြင်ရာ အောင်မြင်ကြောင်းလမ်းကို လိုက်တာဟာ ပျော်ရွှင်စရာ ပျော်ရွှင်ကြောင်းကို လိုက်တာတော့ မဟုတ်ဘူး။ အောင်မြင်မှုရတိုင်း စိတ်ထဲမှာ ကျေနပ်စရာ တစ်ခုခုကို ရကောင်းရပေမယ့် ပျော်ရွှင်စရာတစ်ခုတော့ ဖြစ်မလာဘူး။ အောင်မြင်မှုဆိုတာက အနာဂတ် ဆိုတာကို ထည့်တွက်ပြီး လုပ်တာပဲ။ အနာဂတ်ကို ထည့်တွက်ပြီး (တန်ဖိုးထားပြီး) လုပ်တဲ့အတွက် ပစ္စုပ္ပန်မှာ လက်လွတ်လိုက်ရတာ၊ ဆုံးရှုံးသွားရတာ ရှိသွားရော။ ရပ်ဆလ်ရဲ့ စကားနဲ့ ဆိုရရင် "အနာဂတ်ကိုကြည့်တဲ့ အလေ့အကျင့်နဲ့ ပစ္စုပ္ပန်ရဲ့ အလုံးစုံသော အနက်အဓိပ္ပာယ်ကို တွေးနေတာဟာ မကောင်းတဲ့အကျိုးဆက် ပေါ်ပေါက်လာစရာမှာ တည်နေတယ်။ အလုံးစုံဆိုတဲ့ သဘောထဲမှာ ပါဝင်နေတဲ့ အစိတ်အပိုင်းကလေးတွေမှာ ဘာတန်ဖိုးမှ မရှိရင် ဒီအလုံးစုံဆိုတာကြီးမှာလည်း ဘာတန်ဖိုးမှ ရှိတာမဟုတ်ဘူး" လို့ ပြောရမှာပဲ။ အရပ်စကားနဲ့ တည့်တည့် ပြောရရင်တော့ ပစ္စုပ္ပန်မှာမှ ပျော်စရာ မရှိလို့ကဖြင့် အနာဂတ် ဆိုတာကြီးမှာ ဘာသွားလုပ်ကြမှာတုန်းလို့ ပြောရမှာပဲ။ အောင်မြင်မှု လမ်းကြောင်းကို လိုက်တာဟာ တကယ်တမ်းမှာတော့ ကိုယ်စိတ်ဝင်စားတာ တစ်ခုတည်းမှာ တည်နေလိုက်တာ (Self absorption) ပဲ။ တစ်နည်း တစ်လမ်းအားဖြင့်ဆိုရရင်တော့ ကိုယ့်ကိုယ်ကိုယ် နှစ်မြုပ်လိုက်တာပဲ။ ကိုယ် စိတ်ဝင်စားတာ တစ်ခုတည်းမှာ တည်နေတာဟာ ကိုယ့်ဘာသာ အရှုံးပေးထားတာပဲ။ ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ်ကိုယ်တိုင် ပါဝင်ပတ်သက်နိုင်မှု ရှိတာတွေနဲ့ ကိုယ်နဲ့အကြားမှာ စည်းရိုးခတ်ထားလိုက်တာပဲ။ ကိုယ့်ဆန္ဒတစ်ခုတည်း အရင်းခံပြီး ကိုယ့်ဘာသာ အောင်မြင်အောင်လုပ်တာဟာ ဘာသာရေးအခြေခံမှာ အဓိပတိတစ်ပါးပါးမှာ အခြေခံတာဖြစ်လို့ ဟုတ်ချင်ဟုတ်မယ်၊ မှန်ချင်မှန်မယ်၊ ကောင်းချင် ကောင်းမယ်။ နေ့စဉ်ဘဝထဲက သာမန်လူတွေအနေနဲ့က မလွယ်ဘူး။ အချိန်မှန် တစ်ယောက်က အလကား ထမင်းကျွေးပါ့မယ်လို့ တာဝန်ယူထားရင်တော့တစ်မျိုး။
သာမန်လူတွေအနေနဲ့ သူတို့ ပါဝင်ပတ်သက်နေရတဲ့ လူ့အဖွဲ့အစည်းထဲမှာ အဆက်အဆံရှိနေတယ် ဆိုပေတဲ့လည်း ဆက်ဆံပုံလွဲလို့ကဖြင့် ပျော်စရာနဲ့ ဝေးနေဦးမှာပဲ။ လူတစ်ဦးတစ်ယောက်အနေနဲ့ တခြားတစ်ဦးတစ်ယောက်ကို ပြိုင်တယ်၊ ယှဉ်တယ်၊ အားကျတယ်၊ သဘောကျတယ်၊ မကြိုက်ဘူး၊ ဘာဘာညာညာတွေ ရှိနေတတ်တယ်။ ဒီအကြားထဲ အောင်မြင်ရာအောင်မြင်ကြောင်းရေးတဲ့ လူတွေက အဲဒါတွေ တိုက်တွန်းတယ်။ ဒီတော့လည်း ဘဝဟာ ပြိုင်ပွဲကြီးတစ်ခု ဖြစ်သွားရော။ အဲဒီလို ပြိုင်ပွဲတွေ ဝင်နေချင်လို့ကတော့ ပျော်စရာရှိမယ် မထင်ဘူး။ ဘဝကို အောင်မြင်တယ် မအောင်မြင်ဘူးနဲ့ တိုင်းတာနေတာဟာ ပျော်စရာ ကောင်းလိမ့်မယ်လို့တော့ ကျွန်တော်မထင်ဘူး။ ကိုယ် အောင်မြင်တယ်ဆိုတာကို ကျေနပ်ဖို့ သူများက ကိုယ့်လောက်မအောင်မြင်ဘူးဆိုတာမှာလည်း တည်နေသေးတာကိုး။ သူများ ငါ့လောက်မအောင်မြင်ဘူးဆိုတာ မှာတည်ပြီး ရပ်တည်နေတဲ့ ကိုယ့်ရဲ့အနေအထားဟာ လွယ်လွယ် အသားကျမှာ မဟုတ်ဘူး။ တထိတ်ထိတ်နဲ့ နေနေရတာပဲ။ တထိတ်ထိတ်နဲ့ နေရတဲ့ဘဝဟာ ပျော်စရာကောင်းနိုင်ပါ့မလား။ ကောင်းနိုင်မယ်လို့ ကျွန်တော်မထင်ဘူး။ ကဗျာဆရာ အာ(ရ)မာန်း Max Ehrmann စကားနဲ့ ပြောရရင်တော့ "မင်းကိုမင်း သူများနဲ့ယှဉ်ရင် ကိုယ့်ကိုယ်ကို ပိုပြီးစိတ်ဝင်စားနေမယ်။ ခါးသီးလာမယ်။ အကြောင်းကတော့ မင်းထက်သာတဲ့ လူ၊ မင်းထက်ညံ့တဲ့လူတွေ အမြဲရှိနေလို့ပဲ" တဲ့။ သိစိတ်က သိသိ မသိသိ လူတွေဟာ ယှဉ်ကြည့်တဲ့ အကျင့် ရှိတာပဲ။ တခြားကိစ္စတွေမှာတော့ မပြောတတ်ဘူး။ ပျော်ရွှင်ဖို့ဆိုတဲ့ နေရာမှာတော့ မကောင်းလှဘူး။ ကျွန်တော့်ဘဝ အတွေ့အကြုံ ကိုယ်တွေ့ အဖြစ်အပျက်တစ်ခု ရေးပြပါရစေ။
ဝတ္တရားအရ နှစ်စဉ်/တစ်နှစ်ခြားလောက်မှာ ကျွန်တော်ရဲ့ ကျန်းမာရေးကိုစစ်ပြီး ဥာဏ်ရည်ဥာဏ်သွေး၊ မှတ်ဥာဏ်၊ စာဖတ်နှုန်း စတာတွေ စစ်ရပါတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်လောက်က စစ်ချက်ထွက်လာတော့ ကျွန်တော့် စာဖတ်နှုန်းကလွဲလို့ ကျန်တာမှာ အပြစ်ဆိုစရာ မရှိပေတဲ့ စာဖတ်နှုန်း (စာဖတ်နိုင် မှတ်နိုင်တဲ့စွမ်းရည်) ကတော့ ကျသွားတယ်။ စစ်ဆေးတဲ့ ပညာရှင်တွေနဲ့တွေ့တော့ ခင်ဗျားအသက်အရွယ်မှာ ခုလောက်ဖတ်နိုင်တာ ဂုဏ်ယူစရာပါလို့ သူကပြောပေတဲ့ ဂုဏ်မယူနိုင်တဲ့အပြင် စိတ်ဓာတ်ပါ ကျသွားပါလေရော။ တနုံ့နုံ့နဲ့ ကျတယ်ပဲ ဆိုကြပါစို့ရဲ့။ ကျွန်တော့်ကိုယ် ကျွန်တော် ပညာနဲ့ပတ်သက်လို့ ကျွန်တော် လုပ်နိုင် ကိုင်နိုင်တဲ့စွမ်းရည်နဲ့ ပတ်သက်လို့ မာနမရှိခဲ့ဘူး မပြိုင်ခဲ့ဘူးလို့ အမြဲထင်ခဲ့တယ်။ ဘကြီးသုခ ဆုံးမဖူးတဲ့ "မြေကြီး/ကြမ်းပြင်နဲ့ မင်းနဲ့ အကြားမှာ ဖိနပ်ပဲခံနေပစေ မဟုတ်ရင် လဲသွားမယ်" ဆိုတဲ့စကားနဲ့ နေခဲ့တယ်။ (ဘကြီးဆိုချင်တာက ဘဝင်မမြင့်နဲ့ဆိုတာပဲ။) ဒါပေတဲ့ ကျွန်တော့်ကိုယ်ကျွန်တော် ပြိုင်နေတာ မသိခဲ့ဘူ။ နောက်ဆုံး အစားအသောက် အအိပ်ပျက်လာတော့ စိတ်ပညာရှင်ကြီး တစ်ယောက်နဲ့ သွားတွေ့ရတယ်။ လေးငါးကြိမ်လောက် တွေ့လိုက်တော့မှ ဇာတ်ရည်လည်လာတယ်။ ခင်ဗျားဟာ ညံ့သွားတာ (မအောင်မြင်မှာ) ကို ကြောက်နေတာ Fear of failure တဲ့။ ခင်ဗျားရဲ့ တကယ့်အနေအထားကို လက်မခံနိုင်တာပဲတဲ့။ ဒီတော့ ပထမဦးဆုံးအနေနဲ့က ခင်ဗျားကိုယ်ကို ခင်ဗျားရဲ့ အနေအထားအတိုင်း လက်ခံရမယ်။ လက်ခံရာမှာ အရှုံးသမား တစ်ယောက်အနေနဲ့ လက်ခံရမှာ မဟုတ်ဘူး။ တကယ်ဖြစ်ရှိနေတဲ့ အနေအထားကို အသိအမှတ်ပြု တန်ဖိုးထားတဲ့အနေနဲ့ လက်ခံရမှာပဲလို့ သူက ဆိုတယ်။ သူပြောတဲ့အထဲက အရှုံးသမားတစ်ယောက်လို လက်ခံတယ်ဆိုတာက "ဒီအသက်အရွယ်ရောက်မှတော့ ငါ ဒီလောက်ပဲ ဖတ်နိုင်စွမ်း ရှိမှာပဲ" လို့ စိတ်ကိုလျှော့ချပြီး (အဆိုးမြင်ရှုထောင့်၊ အရှုံးသမားရဲ့ နာလံမထူနိုင်တော့တဲ့အမြင်နဲ့) လက်ခံလိုက်တာမျိုး။ အဲဒီလို လက်မခံစေချင်ဘူး။ သူ လက်ခံစေချင်တာက "ငါ ဒီလောက်ပဲ ဖတ်နိုင်တယ်။ ငါ လုပ်စရာ ကိုင်စရာရှိတာကို ငါ လုပ်နိုင်ကိုင်နိုင်တဲ့ လက်ရှိအတိုင်းအတာနဲ့ ဆက်လုပ်မယ်" ဆိုတဲ့ လက်ခံမှုမျိုး။ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဟာ တစ်ပြင်ညီထဲမှာ။ အနာဂတ်ရဲ့ ရှိနေခြင်းကို အသိအမှတ်ပြုထားရုံထက်ပိုပြီး နေရာမပေးတော့တဲ့ သဘောပဲ။ တခြားတစ်နည်းနဲ့ လွယ်လွယ်ဆိုရရင် တံခါးပိတ်ထားတယ်ဆိုတာကို မဝင်စေချင်လို့ပဲလို့ တွေးမယ့်အစား တံခါးကို ဖွင့်ဝင်လာစေချင်လို့ပဲလို့မြင်ပြီး လက်ခံတဲ့အမြင်ပဲ။ ဘဝမှာ တခြားအခွင့်အရေးတွေလည်း ရှိနေသေးတယ်ဆိုတဲ့ သဘောပဲ။
တစ်ခါက ရန်ကုန်မှာ ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲတစ်ခုရဲ့ ညစာစားပွဲမှာ ဆရာအို ဆရာဟောင်းကြီး တချို့ကို ပါတိတ်ရှပ် ကိုယ်စီနဲ့ တွေ့လိုက်ရတော့ အဆန်းဖြစ်သွားတယ်။ ဟိုစဉ်က တိုက်ပုံနဲ့ဘာနဲ့နေကြတဲ့ သူတွေကိုး။ ဒီတော့ ပါတိတ်မဝတ်တဲ့ ဆရာကြီးတစ်ယောက်ကိုမေးတော့ သူတို့က ပင်စင်ယူလိုက်ကြပြီဗျလို့ ပြောတယ်။ ဒီတော့လည်း ကျွန်တော် သဘောမပေါက်ဘူး။ ဒီတော့ ဆရာကြီးက ဆက်ရှင်းပြတယ်။ ဒီလိုဗျာ ပင်စင်ယူလိုက်ကြတော့ သူတို့ကို လူတွေ သိပ်မသိကြတော့ဘူး။ သူတို့က လူသိသူသိလေးလည်း ခံချင်သေးတာကိုး။ ဒီတော့ ပါတိတ်ရှပ်က ထင်ထင်ပေါ်ပေါ်ရှိတယ်။ ခု ခင်ဗျားလှမ်းမြင်သလိုပေါ့ဗျာ။ ကျွန်တော်တို့ဆီမှာ အတိတ်က ပညာရှိမှန်ရင် ပါတိတ်ရှပ်တစ်ထည်တော့ ရှိရတယ်လို့ ရှင်းပြတယ် (တခြားဆရာတစ်ယောက်ကတော့ တစ်မျိုးအနက်ဖော်တယ်။ ဆရာကြီးတွေ ပင်စင်ယူသွားပြီး ပြိတ္တာဖြစ်သွားတာ ပေါ်လွင်စေချင်လို့တဲ့။ ဒါလည်း ဟုတ်လေမလားပဲ။) ခုနေတော့ ကျွန်တော့်ရဲ့ စိတ်ပညာရှင်စကားနဲ့ ချင့်ကြည့်ရရင် ဆရာကြီးတွေဟာ ပိတ်ထားတဲ့တံခါးးကို ဖွင့်ဝင်လိုက်တာပဲ ဖြစ်မယ်လို့ မြင်လာမိတယ်။ တကယ်တော့ ပျော်ရွှင်စရာဟာ တကယ့်ဘဝနဲ့ ကင်းကွာနေလို့ ရမယ်မထင်ဘူး။ တကယ့်ဘဝမှာက လိုအပ်မှုတွေ၊ ဖြည့်ဆည်းပေးစရာတွေ အပုံချည်းပဲ။ အမျိုးမျိုးပဲ။ ပျော်စရာဆိုတာဟာ ယုတ္တိစနစ် တစ်စုံတစ်ရာနဲ့ ရှင်းပြလို့မရနိုင်တာတော့ အမှန်ပဲ။ ဒါပေတဲ့ လူ့အဖွဲ့အစည်းအတွင်းက လူတွေရဲ့ နေ့စဉ်ဘဝမှာ ရှိနေလေတော့ ဆင်ခြင်တုံတရားနဲ့ ကင်းပြီးတော့ မတည်နေနိုင်ဘူး။ ဆင်ခြင်တုံတရားရဲ့ ပရိဝုဏ်အတွင်းမှာ ရှိနေရမှာပဲ။ ဆင်ခြင်တုံတရားနဲ့ ကင်းပတဲ့ ပျော်ရွှင်မှုမှန်သမျှဟာ သာမန်လူတွေနဲ့ ဆိုင်မှာမဟုတ်ဘူး။ ဆိုလိုတာက လူ့အဖွဲ့အစည်းအတွင်းမှာ သီးခြားတည်ရှိနေတဲ့ အနုပညာအဆောက်အအုံထဲက ကဗျာဆရာ ပန်းချီဆရာရဲ့ ပျော်ရွှင်ခြင်းမျိုး။ ဘာသာရေးအဆောက်အအုံထဲက ဘာသာရေးအခြေခံတစ်ခုခုမှာ တည်ထားတဲ့ ပျော်ရွှင်ခြင်းမျိုး။ ဒီပျော်ရွှင်ခြင်းတွေဟာ သာမန်လူတွေအတွက်တော့ မဟုတ်နိုင်ဘူး။ လူ့အဖွဲ့အစည်းတိုင်းရဲ့ နေ့စဉ်ဘဝထဲက လူတွေဟာ ဆင်ခြေတွေ ဆင်ခြင်တုံတရားတွေနဲ့ အသက်ရှင်နေကြ တာပဲ။
စနစ်ကျရတဲ့ ဆင်ခြေမှန်သမျှဟာ လူရဲ့ ဖြစ်နေခြင်းအတွင်းမှာ နည်းလမ်းတွေအဖြစ်နဲ့ ရှိနေတာ။ တိတိကျကျပြောရရင်တော့ ကိုယ့်ရဲ့ ရည်မှန်းချက် ပန်းတိုင်ကို ဖော်ထုတ်ဖို့ နည်းလမ်းပဲ။ ဆင်ခြင်ခြင်းဆိုတာ လမ်းဆုံးမဟုတ်ဘူး။ လမ်းဆုံးဆီသွားတဲ့ နည်းလမ်းပဲ။ ဒါပေတဲ့ ဆင်ခြင်တုံတရား မှန်သမျှဟာ လက်တွေ့လုပ်ကိုင်ဖို့မှ မဟုတ်ဘဲ။ ဆင်ခြင်တုံတရားတွေဟာ အပြုအမူ Action တစ်စုံတစ်ရာမရှိဘဲလည်း ရှိနေနိုင်တယ်။ လူတိုင်းဟာ လွတ်လပ်နေတာပဲ။ လူတိုင်းရဲ့ ရွေးချယ်ခွင့်တွေဟာ သူတို့ရဲ့ ဖြစ်ရှိနေရခြင်းအတွင်းက လွတ်လပ်မှုပဲ။ လူဟာ ဘယ်ဟာမကောင်းဘူး၊ ဘယ်ဟာကောင်းတယ်ဆိုတာ သိတယ်။ ဒီလိုပဲ ပျော်စရာကောင်းတာနဲ့ ပျော်စရာမကောင်းတာကိုလည်း သိတယ်။ ဒီတော့လည်း သူ့အနေနဲ့ ရွေးချယ်စရာရှိရင် ပျော်စရာမကောင်းတာတော့လည်း ရွေးမှာမဟုတ်ဘူး။ ပျော်စရာကောင်းတာကို ရွေးချယ်တယ်။ ဒီလိုမှမဟုတ်ရင် လူတစ်ယောက် အနေနဲ့ သူ့အတွက် ပျော်စရာကောင်းမှာပဲလို့ ထင်တာကို ရွေးမှာပဲ။ ပျော်ရွှင်ခြင်းကို ရလဒ်တစ်ခု အဖြေတစ်ခုအဖြစ်သာ မဟုတ်ဘူး။ ပျော်ရွှင်ခြင်းဆိုတာ သူ့အတွက်တော့ ဒါပဲဆိုပြီး အနက်ဖွင့်တာ။ ဒီပျော်ရွှင်ခြင်းဟာ လူ့အဖွဲ့အစည်းက ထုတ်ပြန် ကန့်သတ်ထားတဲ့ ကိုယ်ကျင့်တရားစံ၊ ဘာသာရေးစံ၊ အနုပညာစံ စတာတွေနဲ့ ကိုက်ချင်မှတော့ ကိုက်မယ်။ လူရဲ့ ပျော်ရွှင်ခြင်းဟာ သူ့ရဲ့ လွတ်လပ်စွာ ရွေးချယ်ထားနိုင်မှုအတွင်းက ရလဒ်တစ်ခုအဖြစ် ရလိုက်တဲ့ ဆင်ခြေတစ်ခုပဲ။ ဒီထက်မပိုဘူး။ ဒါပေတဲ့လည်း တကယ်လို့ ဆင်ခြင်တုံတရားမရှိတဲ့ လူ့အဖွဲ့အစည်းဆိုတာ ရှိခဲ့ရင် အဲဒီအထဲက နေ့စဉ်ဘဝထဲမှာတော့ ပျော်စရာဆိုတာ တစ်မျိုးများ ဖြစ်နေလေမလား။ ဖြစ်နိုင်မလား။ ဒါမှမဟုတ် အမျိုးအမည် ခေါ်ဝေါ်သတ်မှတ်လို့ မရနိုင်တာတစ်ခုအဖြစ် တည်ရှိနေလေ မလားဆိုတာကိုတော့ ဆက်ပြီး တွေးကြည့်သင့်တယ်လို့ ထင်တယ်။ ။
Comments
Post a Comment