အပူသည်
အသစ်မဟုတ်ဘဲ
နေရောင်နဲ့ပြန်သထားတဲ့
မနက်ခင်း တစ်ခုမှာပါ။
ကျွန်တော်အရူးအမူးဖြစ်နေတာကတော့
အိမ်မက်ထဲက...
မွှေးမြတဲ့ နားရွက်လေးတစ်ဖက်ပါပဲ။
လေကလည်း တဟူးဟူးတိုက်နေရဲ့
နှလုံးသားပေါ်မှာ ခိုကိုးရာမဲ့ ကျီးကန်းတစ်ကောင်က
တစာစာအာနေလေရဲ့ ၊
အလွမ်းတွေ ဖွာလန်ကြဲလို့...
မြင်မကောင်းအောင် ငိုထားတဲ့
တေးသွားလေးလိုပဲ သက်ဆင်းခဲ့၊
သိပ်တော့လည်း မဆန်းပါဘူးကွယ်တဲ့
တချွတ်ချွတ်မြည်နေတဲ့
သစ်ကိုင်းခြောက်က
မာဂဓဘာသာစကားနဲ့
ကျွန်တော့်ကို ချွေးသိပ်ခဲ့တယ်။
ရေတံခွန်အောက်ဝင်လည်း အပိုပဲ။
နှလုံးသားတစ်ရပ်စာသာမြင့်တဲ့
မျှော်စင်တစ်ခုဆောက်ပြီး...
ကမ္ဘာဦးအစကို လှမ်းကြည့်လိုက်တယ်။
မီးကို စတင်တွေ့ရှိသူဟာ ကျွန်တော်ဖြစ်ရဲ့။ ။
မောင်သိန်းဇော်
Comments
Post a Comment