လွတ်မြောက်ခြင်းရဲ့ ဟိုဖက်မှာ ဘာရှိသလဲ
အကြောက်တရားတွေကနေ လွတ်မြောက်သွားတဲ့ လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထား ဟာ ဘာဖြစ်သွားသလဲ။ လွတ်မြောက်ခြင်းရဲ့ ဟိုဖက်မှာ ဘာရှိသလဲ။ ဒါမျိုး တွေးကြည့်ဖူးလား။ တွေးကြည့်ဖူး... စဉ်းစားဖူးရင် ဒီစာစုက စိတ်ဝင်စားဖို့ ကောင်းပါလိမ့်မယ်။
ဒီစုစည်းမှုက ခရစ်ရှနာမူရတီ ဟောခဲ့တဲ့ အကြောင်းအရာတွေကို စုပေါင်းပြီး သူ လုံးဝ မဟောခဲ့တဲ့ ခေါင်းစဉ်တစ်ခုကို ဖော်ထုတ်ပေးခြင်းသာ ဖြစ်ပါတယ်။ ခရစ်ရှနာမူရတီရဲ့ အလိုအရ ဆိုရင် ဘာသာရေး အသင်းအဖွဲ့တွေဟာ ဘာသာရေး သမားတွေ မဟုတ်။ တစ်နည်း ငြိမ်းချမ်းရေး သမား မဟုတ်။
သူ့အဆိုအရ ငြိမ်းချမ်းရေး သမား ဖြစ်ဖို့ အချက် ငါးချက် လိုအပ်တယ်။ intelligence ရယ် love ရယ် humility ရယ် diligence နဲ့ austerity ဆိုပြီးတော့ ဖြစ်ပါတယ်။ အောက်မှာ တစ်ချက်စီ အကြောင်းကို သူ့ဟောပြောချက် အကျယ် ဖြစ်ပါတယ်။
(intelligence - နိဂုံးချုပ်တတ်သည့် လူ့သဘာဝ ချုပ်ငြိမ်းသွားခြင်း)
ဉာဏ်ရည်ဟာ 'ဘာဖြစ်တယ်' လို့ နိဂုံးချုပ်လိုက်တဲ့ တဒင်္ဂဟာ ဉာဏ်ရည်ရှိ လူသား တစ်ယောက်ရဲ့ နိဂုံးချုပ်ချိန် ဖြစ်တယ်။ နားလည်ထားရမှာသည် ဉာဏ်ရည် ဉာဏ်သွေး သမားဟာ ဘယ်တော့မှ နိဂုံး မချုပ်တတ်ဘူး။ အမြဲတစေ သင်ကြားနေတယ်။
အဓိပ္ပာယ် တစ်ခုအပေါ်မှာ ရောင့်ရဲ ကျေနပ်နေခြင်းဟာ ဘယ်တော့မှ ဉာဏ်ရည် မဟုတ်။ ကျေနပ် ရောင့်ရဲနိုင်ခြင်း မရှိမှုမှာ ဉာဏ်ရည်ရှိတယ်။ နိဂုံး ချုပ်မထားတဲ့ လေ့လာမှုတိုင်းမှာ ဉာဏ်ရည် ရှိတယ်။ ယုံပြီး ပုံအပ်မထားသရွေ့ ဉာဏ်ရည် ရှိတယ်။
ဉာဏ်ရည် ဉာဏ်သွေးကို အသုံးချတဲ့ လူသားဟာ အမြဲတစေ လှုပ်ရှား နေတယ်။ စူးစမ်းမှု စိတ်ဝင်စားမှုတွေ ပြည့်နေတယ်။ သင်ယူခြင်းတွေ ပြည့်နှက်နေပါတယ်။
ဉာဏ်ရည်ဟာ ဗဟုသုတ မဟုတ်။ ကမ္ဘာပေါ်က ရှိသမျှ စာအုပ်တိုင်းကို ဖတ်လို့ရတယ်။ ဉာဏ်ရည်တော့ ဒီစာအုပ်တွေကနေ ရလာမှာ မဟုတ်။ အလွန်သိမ်မွေ့တဲ့သဘော သဘာဝ ရှိတယ်။
(love - လောကကို အစိတ်အပိုင်း မခွဲပဲ အားလုံးကို ရှေ့တန်းတင် မြတ်နိုးတတ်ခြင်း)
ခင်ဗျား တစ်စုံတစ်ယောက်ကို တကယ် ချစ်မြတ်နိုးတတ်လား။ ချစ်ခြင်း မြတ်နိုးခြင်း ဆိုတာ ဘာလဲ သေချာသိပြီလား။ စိတ်ကို နှလုံးသားမှာ နှစ်လို့ တစ်ခုမကျန် ပေးတတ်ခြင်း ဖြစ်ပြီး တန်ပြန် တုံ့ပြန်မှု တစ်ခုမှ မတောင်းဆိုတတ်ခြင်းဟာ ချစ် မြတ်နိုးမှု ဖြစ်ပါတယ်။
ခင်ပွန်းတွေကို ချစ်တယ်။ ဇနီးတွေကို ချစ်ကြတယ်။ သားသား မီးမီးလေးတွေကို ချစ်တာတော့ ချစ်ကြတယ်။ သို့သော် သူတို့ တစ်ခုခု မှားလုပ်တာနဲ့ လူတစ်ယောက် ဒေါသ ဖြစ်လာတယ်။ ဘာ့ကြောင့်လဲ။
လူဆိုတာ ကိုယ့်အတ္တကို သေစေလိုခြင်း မရှိဘူး။ အမြဲ ထာဝရ ရှင်သန်နေဖို့ တောင့်တတတ်ကြတယ်။ မိဘတွေလည်း ထို့အတူပဲ။ သူ့ပစ္စည်း ဥစ္စာတို့အားဖြင့် ထာဝရ ရှင်သန်လိုကြတယ်။ သူ့ မျိုးရိုးစဉ်ဆက် အားဖြင့် အသက်ဆက် နေထိုင်လိုကြတယ်။
ဒါ့ကြောင့် ကလေးဟာ မိဘ အတ္တရဲ့ ပုံစံကနေ သွေဖီလာတိုင်း မိဘတွေ အဖို့ ကြောက်စရာ ကောင်းအောင် ဒေါသထွက်လာတတ် ကြပါတယ်။ ဒေါသနဲ့ မကင်းသူ... အမုန်းနဲ့ မကင်းသူ... ယှဉ်ပြိုင်မှုတွေနဲ့ မကင်းကြသူတွေဟာ တကယ် မချစ်တတ် ကြသေးသူတွေသာ။
(humility - ဖြူစင်နေသည့် မူလစိတ် - ဉာဏ်ရည်နှင့် ချစ်ခြင်း ပေါင်းစပ်မှုကြောင့် ပြန်လည် ဖူးပွင့်လာသော အနှစ်သာရ)
မူလစိတ်ဆိုတာ အရာတစ်ခုကို ထပ်တလဲလဲ အားထုတ်ခြင်း ကြောင့် ပေါ်လာတဲ့ အကျင့်တွေ စရိုက်တွေ မဟုတ်။ ချုပ်ထိန်းထားရတဲ့ သီလတွေ မဟုတ်။
ပြောရမယ်ဆိုရင် ဘာသာရေး ကျင့်ဝတ်... ကိုယ်ကျင့်သီလ စောင့်ထိန်းမှုတွေ... ကောင်းမှု မကောင်းမှု ပိုင်းခြားထားတာတွေ အားလုံးဟာ မူလစိတ်ကို ပျောက်ရှသွားစေတဲ့ အတုအယောင်တွေ။
ဒါ့အပြင် ဒါတွေအားလုံးဟာပဲ အာဏာအားဖြင့် လူတစ်ယောက်ကို ချုပ်ကိုင်ထားတတ်သေးတယ်။ ဒီလို ချုပ်ကိုင် ခံထားရတဲ့ လူသားဟာ ဘယ်နည်းနဲ့မှ ဖြူစင်ရိုးသားလွန်းတဲ့ မူလစိတ်ကို ပြန်လည် တူးဖော် မတွေ့ရှိနိုင်။
မူလ ဖြူစင်စိတ်မှန်ရင် တဒင်္ဂကနေ တဒင်္ဂကိုသာ ကူးသန်းလေ့ ရှိပါတယ်။ တစ်နည်း ... ပစ္စုပ္ပန်ရဲ့ အရာ ဖြစ်တယ်။ ဒီစိတ်ဟာ သင်ယူလိုမှုတွေ ပြည့်နေတယ်။ ခေါင်းလည်း မငုံ့တတ်သလို ခေါင်းလည်း မမော့တဲ့စိတ်။
ဒါ့ကြောင့် မူလစိတ်မှာ အာဏာမရှိ။ မူလစိတ် မပေါ်လာသရွေ့ လမ်းစဉ်ဆိုတာ မသိ။ လမ်းစဉ် မသိတဲ့လူသားဟာ ပတ်ဝန်းကျင်က သတ်မှတ်ပေးထားတဲ့ သီလလောက်ကို အားကိုးထားရ သလောက် မူလစိတ်တစ်ခုကတော့ သီလကို ကျော်လွန်တဲ့ လမ်းစဉ်ကို ဦးတည်စေတယ်။
(diligence - အမှန်တရားရယ်... 'ဒီ အမှန်တရားဟာ ဘာဖြစ်သင့်တယ်' လို့ အမြဲတစေ ကြံဆနေတဲ့ အမှားရယ် တို့ကို အမြဲတစေ သတိပြုနေမိခြင်း)
ပြင်ပ ပတ်ဝန်းကျင်ကို မိမိ ခန္ဓာကိုယ်ဟာ ဘာလို့ ဘယ်လို တုံ့ပြန်နေမှန်း မသိတဲ့စိတ်ဟာ ပျင်းရိခြင်းရဲ့ ရလဒ်တွေ ဖြစ်တယ်။
ဒီလို ကိုယ့် အကြောင်းကိုယ် ဘာတစ်ခုမှ သိဖို့ မကြိုးစားတဲ့စိတ်... ကိုယ့် စိတ် အလုပ်လုပ်ပုံဟာ ဘယ်ရှုထောင့်မှာ ရှိနေလို့ ရှိနေမှန်း နားမလည်တတ်တဲ့စိတ်တွေနဲ့ လူတော်တော်များများဟာ အိပ်ပျော် နေကြတယ်။ ဗဟုသုတတွေရဲ့ အိပ်ဆေးခတ်ခြင်းကို ခံထားရတယ်။ ကျမ်းတွေရဲ့ အိမ်မွေ့ချ ထားခြင်းကို ခံနေရတယ်။
ရှန်ကရက ဘာပြောလဲ။ ယုံကြတယ်။ ဘယ်သူ့ အတွေးအခေါ်က ပိုသာတယ် ထင်လဲ။ နောက်လိုက် လုပ်ကြတယ်။ အဲ့ဒီမှာ အမြဲတစေ နိုးကြားနေရမယ့် စိတ်ဟာ အိပ်ပျော်သွားတယ်။ တသွင်သွင် စီးဆင်းနေသင့်တဲ့ ဉာဏ်ရည်ဟာ ခမ်းခြောက်သွားတယ်။ သတိနဲ့ ရှင်သန်နေရမယ့် လူသားဟာ တုံးအခြင်း၊ တွေဝေခြင်းနဲ့ ပျင်းရိမှုတွေ ပြည့်နှက်လာတယ်။
လူအများ မှန်တယ်ထင်ရင် ကိုယ်ပါ ရောမှန်ပစ်တယ်။ မှားတယ်ထင်ရင် ရောမှားပစ်တယ်။ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ မှန်လား မှားလား ဘယ်လိုမှ မသိတာသည် ပျင်းရိသူ စစ်စစ်ရဲ့ နေ့စဉ် သဘောထားနဲ့ အမြင် ဖြစ်တယ်။
လူတစ်ယောက်ဟာ နိုးကြားမှု ရှိနေသင့်တယ်။ လူတွေ ပြောတိုင်း တန်း လက်မခံနဲ့။ ကိုယ့်ဖာသာကိုယ် အရိုးသားဆုံး ချဉ်းကပ် အဖြေထုတ်ပါ။ သတိနဲ့ နားစွင့်ခြင်း၊ စူးစမ်းမှုတွေ အပြည့်နဲ့ ဆန်းစစ်နေခြင်းဟာ လူသားတွေမှာ အရှိသင့်ဆုံး အရည်အချင်း တစ်ခုပဲ။
(Austerity - အဇ္ဈတ္တကို နားလည်သည့်အတွက် ဗဟိဒ္ဓ၏ ရှုပ်ထွေးမှုတို့ ရှင်းသွားခြင်း)
လွတ်မြောက်မှု ဆိုတာ ရွေးချယ်ခွင့် ရှိတာလို့ ကျုပ်တို့ထင်ကြတယ်။ ကျုပ် အီတလီ သွားမလား။ ပြင်သစ် သွားမလား။ ကြိုက်တာ လွတ်လွတ်လပ်လပ် ရွေးလို့ ရနေတာပဲ။
သို့သော် ရွေးချယ်မှုတိုင်းမှာ လွတ်မြောက် ပါရဲ့လား။ လူသားတွေ ဘာလို့ ဘာတွေကို ရွေးချယ် နေကြ ပါလိမ့်။
အဖြေက လူတစ်ယောက်ဟာ တွေဝေနေခဲ့ချိန်... မသေချာသေးချိန် တွေမှာပဲ သို့လော သို့လော ရွေးချယ်လေ့ ရှိတတ်ကြပါတယ်။ တစ်နည်းအားဖြင့် ရွေးချယ်ခြင်း ဆိုတာ တွေဝေမှုနဲ့ မသေချာမှုတို့ရဲ့ ပြယုဂ် ဖြစ်တယ်။ ရွေးချယ်နေခြင်းသည် လွတ်လပ်ရေး ကို တားဆီးတဲ့ တံတိုင်းတစ်ခု ဖြစ်တယ်လို့ ဆိုချင်တယ်။
သို့သော် ဘာကိုမှ မရွေးပဲ ကိုယ်ကြိုက် တာ ကိုယ်လုပ် နေရတာရော လွတ်မြောက်မှုလား။
ကိုယ်ကြိုက်တာ ကိုယ်လုပ်... ဘာကိုမှ မထိန်းမချုပ်နဲ့ စစ်တွေဖြစ်ကြတယ်။ စစ်ပွဲမှာလည်း ဘာကိုမှ မထိန်းမချုပ် လွတ်လပ်စွာ ဗုံးကြဲချင်လို့ ကြဲကြတယ်။ လူတွေသေကြတယ်။ လွတ်လပ်စွာ ကျူးကျော် တယ်။ လွတ်လပ်စွာ နယ်ချဲ့တယ်။
အတွင်း ပဋိပက္ခ မကြေလည်သရွေ့ အပြင် လွတ်လပ်ရေး အလကားပါပဲ။ ရွေးချယ်ခွင့်တွေနောက် လျှောက်လိုက်နေဦးမှပါပဲ။ အတွင်းမှာ ပဋိပက္ခ ကြေလည်သွားတဲ့အခါ ပြတ်သားစွာ သိမှု ဖြစ်လာ တယ်။
တကယ်တမ်းက လူတစ်ယောက်ဟာ အကြောင်းကိစ္စတွေကို ပြတ်သားစွာ သိတဲ့အခါ ရွေးချယ်ခွင့် တွေများစွာ ပေးထားရင်တောင် သူ့မှာ ဘာရွေးချယ် စရာမှ မရှိတော့ဘူး။
ဒီလို ရွေးချယ်မှုမရှိတဲ့ အခြေအနေ ထဲကမှ လွတ်လပ်တဲ့ အလုပ်၊ လုပ်ရမယ့် အလုပ် ဆိုတာ ထွက် လာတာ ဖြစ်တယ်။ အရိုးရှင်းဆုံး အချွေတာဆုံးနဲ့ အကျိုး အများဆုံး အလုပ်တွေ ဖြစ်ပြီး ဒါသည်ပဲ လမ်းစဉ်ဆိုသော နေထိုင်မှု ဖြစ်ပါတယ်။
#kyawnge
Comments
Post a Comment