လူမှုရေး ပဋိညာဉ် ( Social Contract )


အစိုးရတွေ နဲ့ နိုင်ငံရေး အကြောင်းကို နက်နက်နဲနဲမလေ့လာခင် အရေးကြီးပြီး အခြေခံကျတဲ့ မေးခွန်းတစ်ခု မေးစရာရှိပါတယ်။ မေးခွန်းကတော့ ကျွန်တော်တို့တတွေ အစိုးရလိုအပ်ပါသလား ။ လိုအပ်တယ်ဆိုရင် ဘာကြောင့် အုပ်ချုပ်သူအစိုးရ လိုအပ်တာလဲ။ ဒီစာကို ဖတ်နေတယ်ဆိုရင် ခဏနားပြီး ရှေ့ကမေးခွန်းကို ကိုယ့်ဘာသာ ပြန်ဖြေကြည့်ပါ။  စာဖတ်သူအနေနဲ့ အစိုးရလိုအပ်တယ်လို့ ယူဆပါသလား။ ဘာကြောင့်ပါလဲ။ ဒါမှမဟုတ် မလိုအပ်ဘူးလို့ ယူဆိုပါသလား။ ဘာကြောင့်ပါလဲ။

ဆိုတော့ ဒီမေးခွန်းရဲ့ အဖြေကို အစိုးရတွေရှိခြင်း၊မရှိခြင်းရဲ့ အကောင်းနဲ့အဆိုး ကို အခြေခံပြီး စဉ်းစားကြည့်ရအောင်ပါ။

ပထမဆုံးအနေနဲ့ အစိုးရမရှိတဲ့ ကမ္ဘာမှာ ကျွန်တော်တို့ နေထိုင်တယ်လို့ ယူဆကြည့်ရအောင်ပါ။ ကျွန်တော်အပါအဝင်ပေါ့။ အစိုးရမရှိဘူးလို့ ကြားရတာနဲ့တင် သဘောကျစရာကောင်းသလိုပါပဲ။ အဲ့ဒီမှာ ကျွန်တော့်အတွက် အဆုံးမရှိတဲ့ အခွင့်အရေး ရပိုင်ခွင့်တွေရှိမယ်။ ကျွန်တော့် ရပိုင်ခွင့်တွေကို ဖယ်ရှားမယ့်သူတွေမရှိဘူး ။ ထိန်းချုပ်ကန့်သတ်မယ့်သူတွေမရှိဘူး။ ကိုယ်ပြောချင်တာကို ကိုယ်ပြောနိုင်တယ်။ ကိုယ်ကြိုက်တာကို ကိုယ်အလွတ်လပ်ဆုံးပြောနိုင်တယ်။ မလိုက်နာနိုင်လို့ ချိုးဖောက်ရမယ့် ဥပဒေတွေမရှိဘူး။ ကိုယ်ကိုးကွယ်ချင်တဲ့ ဘာသာတရားကို လွတ်လပ်စွာ ကိုးကွယ်နိုင်မယ်။ ဘယ်ဟာတွေ လိုက်နာရမယ် ဘယ်ဟာတွေတော့ မလိုက်နာနဲ့လို့ ပြောမယ့် အစိုးရ မရှိတော့ပါဘူး။

ဒါဆို ကျွန်တော်တို့မှာ ဘာတွေရလာမှာလဲ။ ကျွန်တော်တို့ လိုချင်တာကို ကျွန်တော်တို့ ပိုင်ဆိုင်နိုင်လာမယ် ။ ကိုယ်ပိုင်ဆိုင်ရာတွေ ရှိလာမယ်။ ကိုယ်ကြိုက်ရာကို ကိုယ်သွားနိုင်မယ်။ ကိုယ်လုပ်ချင်ရာကို ကိုယ်လုပ်နိုင်စွမ်းရှိလာမယ်။ အစိုးရတွေရှိရင် ဘယ်တော့မှ မရနိုင်မယ့် လွတ်လပ်မှုမျိုးတွေ ရလာမယ်။ တကယ်လို့ ကျွန်တော်တို့သာ တခြားသူတွေထက် ကာယအားဖြင့်သော်လည်းကောင်း  သာလွန်နေမယ်ဆိုရင် ပစ္စည်း ဥစ္စာ တွေ ကြိုက်သလိုယူနိူင်မယ်။ သူတို့မြေပေါ်မှာ ခွင့်ပြုချက်မလိုပဲ သွားပြီး နေနိုင်မယ်။ ကိုယ်မကြိုက်တဲ့ သူတွေကို အကြောင်းပြချက်မရှိ အပြစ်ပေးနိုင်သလို ထောင်သွင်းအကျဉ်းချနိုင်တဲ့ ထိန်းချုပ်သူမရှိ လွတ်လပ်မှုမျိုးတွေရလာမယ်။ ဒီလို လွတ်လပ်မှုမျိုးတွေဟာ ဒီနေ့ခေတ် ကျွန်တော်တို့ နေတဲ့ ကမ္ဘာကြီးမှာ အများစု မရနိုင်တဲ့ လွပ်လပ်မှုတွေဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ အစိုးရမရှိတဲ့အခါ အထက်က ဆိုခဲ့သလို လွတ်လပ်မှုတွေရလာမယ်။ တခြားသူတွေကို ခိုင်းစေနိုင်လာမယ်။ အနိုင်ကျင့်နိုင်လာမယ်။ တဖက်ကပြန်ကြည့်ရင် ဒါတွေဟာ  individual တစ်ဦးတစ်ယောက်ချင်းအတွက်တော့ အဆင်ပြေကောင်း ပြေနိူင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ သတိရရမှာက အဲ့ဒီ အစိုးရမရှိတဲ့ လူ့အဖွဲ့အစည်းမှာ လူတိုင်းက ဒီလို လွတ်လပ်မှုမျိုးတွေ ရှိနေတယ်ဆိုတာပါပဲ။ ကျွန်တော်တို့ ကြိုက်သလို လုပ်ပိုင်ခွင့်ရှိသလို တခြားသူမှာလည်းရှိလာမယ်။ တခြားသူကို အပြစ်ပေး ခိုင်းစေနိုင်သလို တခြားသူကလည်း ကိုယ့်ကို အပြစ်ပေးခိုင်းစေလာနိုင်မယ်။ ကိုယ့်ရဲ့ ပိုင်ဆိုင်မှု တွေကို မတရားသဖြင့် အဓမ္မနည်းနဲ့ ကာကွယ်သူမရှိ ယူနိုင်သလို ကိုယ်ကလည်း လုပ်နိူင်လာမယ်။ လွတ်လပ်မှုတွေ ရှိလာသလို အဲ့ဒီ လွတ်လပ်မှုတွေကြောင့်ပဲ ကိုယ့်ရဲ့ လွတ်လပ်စွာ ရေးပိုင်ခွင့်တွေ ပြောပိုင်ခွင့်တွေ ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေ ကျန်းမာရေးတွေ အပါအဝင် အားလုံးဆုံးရှုံးသွားစေနိူင်တယ်။ ဒါတွေကြောင့်ပဲ ပဋိပက္ခ တွေဖြစ်လာပြီး စစ်ပွဲတွေဆီ ဦးတည်သွားစေပါတယ်။

ဒါဆိုရင် ကျွန်တော်တို့ ရဲ့ အခွင့်အရေးတွေ လွတ်လပ်မှုတွေ ဆုံးရှုံးမသွားအောင် နဲ့ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ဖို့ ဘယ်လိုလုပ်ဆောင်ကြမလဲ။ ဒီအဖြေကို နိုင်ငံရေးအတွေးအခေါ်ပညာရပ်ရဲ့ ခေါင်းကိုင်အဖ တယောက်ဖြစ်တဲ့ Thomas Hobbes က သူ့ရဲ့ Leviathan စာအုပ်ထဲမှာ ဒီလို အဆိုပြုထားပါတယ်။ လူတွေဟာ ကိုယ့်ရဲ့ လွတ်လပ်မှုနဲ့ ရပိုင်ခွင့် အခွင့်အရေးတွေ မဆုံးရှုံးရအောင် ကာကွယ်ဖို့ တွေးသလို တခြားသူတွေကလည်း ဒီလိုတွေးမှာပဲ။ ဒီလို အတွေးတွေဖြစ်လာတဲ့အခါ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ မယုံကြည်မှုတွေတိုးလာပြီး စစ်ဆိုတဲ့ အဆိုးသံသရာထဲမှာ လည်ပတ်နေမှာပဲ။ ဒါကြောင့်  ကိုယ့်ရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးဖို့ နဲ့ လွတ်လပ်စွာရှင်သန်နိုင်ဖို့ ဘုံပါဝါတွေကို အားကောင်းတဲ့ ဗဟိုအစိုးရဆီ ပေးအပ်သင့်တယ်လို့ ဆိုပါတယ်။ ကျွန်တော်တို့ ရဲ့ အခွင့်အရေး နဲ့ လွတ်လပ်ပိုင်ခွင့်တွေကို ကာကွယ်ဖို့ အားကောင်းတဲ့ ဗဟိုအစိုးရတရပ်ရှိသင့်တယ်လို့ သူက အဆိုပြုတာပဲဖြစ်ပါတယ်။

ဒါကို ဒီနေ့ခေတ်မှာ Social Contract လို့ ခေါ်တဲ့ အစိုးရ နဲ့ ပြည်သူတွေကြားက ချုပ်ဆိုထားတဲ့ လူမှုရေး ပဋိညာဉ် တစ်ရပ်လို့ ခေါ်ဆိုကြပါတယ်။ကိုယ့်ကိုယ်ကို လွတ်လပ်စွာ ရပ်တည်နိုင်ဖို့ လွတ်လပ်စွာ သွားလာနိုင်ဖို့ လွတ်လပ်စွာ ရေးသားပြောဆိုနိုင်ဖို့ လွတ်လပ်ပျော်ရွှင်ကျန်းမာစွာ နေထိုင်နိုင်ဖို့ ကိုယ့်ရဲ့ အခွင့်အရေး တချို့ကို အစိုးရဆီကို ပေးအပ်လိုက်တာပါ ။  အစိုးရတွေဟာ ဒီလိုရလာတဲ့ ဘုံပါဝါတွေကို အသုံးချပြီး ပြည်သူတွေရဲ့မူလအခွင့်အရေးတွေဖြစ်တဲ့ လွတ်လပ်မှုတွေကို ကာကွယ်ရသလို သူတို့ရဲ့ အခွင့်အရေး တွေကိုလည်း ထိန်းသိမ်းစောင့်ရှောက်ပေးရမှာပါ။ဒါဟာ အုပ်ချုပ်သူ အစိုးရနဲ့ အုပ်ချုပ်ခံ ပြည်သူတွေကြားက နားလည်မှု ပဋိညာဉ် ဖြစ်လာရာ လမ်းကြောင်းပဲဖြစ်ပါတယ်။

ဒီလောက်ဆိုရင် social contract ဆိုတဲ့ လူမှုရေး ပဋိညာဉ် ကို အကြမ်းဖျင်းသဘောပေါက်လောက်ပြီလို့ ယူဆပါတယ်။  ဒါပေမယ့် ကျွန်တော်တို့ မှာ အရေးကြီးတဲ့ မေးခွန်းတစ်ခု ရှိနေပါသေးတယ်။ ဒါကတော့ social contract ကနေ ဖြစ်လာတဲ့ အစိုးရတွေကို ဘယ်လိုပုံစံဖွဲ့စည်းကြမှာလဲ ။ နောက်ပြီး အစိုးရတွေကနေ ဘယ်လို အုပ်ချုပ်ရေး စနစ်ကို ကျင့်သုံးပြီး အခွင့်အရေးတွေကို ကာကွယ်ထိန်းပေးကြမှာလဲ။ အစိုးရအဖွဲ့ခေါင်းဆောင်တွေကို ဘယ်လိုရွေးချယ်သင့်သလဲ ။ အဲ့ဒီ အစိုးရတွေရဲ့ ပါဝါတွေကို ဘာတွေနဲ့ ထိန်းကြောင်းဖွဲ့စည်းသင့်ပါသလဲ။ စတဲ့ မေးခွန်းတွေကို နောက်တစ်ပတ်တွေမှာ ဆက်ပြီး ဆွေးနွေးကြအောင်ပါ ။

ဖြိုးပြည့်

Comments

Popular posts from this blog

မြန်မာ eBook များ

Standard Army ဆိုင်ရာ....

ဘုရားသခင်ပြန်လာပြီလား ( Is God back ? )