ဟာသ သီအိုရီ



"ဟာသ ဆိုတာ ခွဲခန်းထဲက ဖားလိုပဲ။ ခွဲခန်းထဲက ဖားကို ရင်ဘတ် ဖွင့်လိုက်ရုံနဲ့ ဖား သေဆုံး သွား တတ်သလို ဟာသ တစ်ခုကို အဓိပ္ပာယ် ဖွင့်လိုက်ရုံနဲ့ ဒီဟာသ သေဆုံး သွားတတ် ပါတယ်။"

ဟာသ ဆိုတာ ဘာလဲ။ ဟာသ တစ်ခုသည် ဘယ်အချိန်မှာ ဘယ်လို အလုပ် ထလုပ်သလဲ။ ဘယ် အရာ တွေကို ဟာသ လို့ သတ်မှတ်နိုင်သလဲ။ 

Tom က Jerry ကို ခေါင်းဖြတ်ဖို့ ကြိုးစားနေတဲ့ အထဲမှာ ဟာသ ရှိတယ်။ ဒါပေမယ့် အကြမ်းဖက်သမား က လူတစ်ယောက်ကို ခေါင်းဖြတ်ဖို့ ကြိုးစားနေတာ ဆိုရင်တော့ ဒီထဲမှာ ဟာသ မရှိတော့ဘူး။ ဘာ့ကြောင့်လဲ။

Mr. Bean မျက်နှာဟာ အထိုးခံထားရလို့ ဖူးယောင်နေတဲ့ အခါ အဲ့ဒီမှာ ဟာသ ရှိတယ်။ ဒါပေမယ့် အလားတူ ဖြစ်စဉ်ကိုပဲ ကလေးငယ် တစ်ယောက်ရဲ့ မျက်နှာမှာ ဖြစ်နေတယ် ဆိုရင် ဟာသ မရှိ တော့ ဘူး။ ဘာ့ကြောင့်လဲ။ 

ပလေတို၊ ဒေးကား အစရှိတဲ့ အတွေးအခေါ် ပညာရှင်များ ဖွင့်ဆိုပုံအရ... တစ်စုံတစ်ခုဟာ နှိုင်းယှဉ် ချိန်ထိုး မှုကြောင့် ကိုယ့်ထက် နိမ့်ကျလာတဲ့အခါ ဟာသ ဖြစ်လာတယ်လို့ ဆိုပါတယ်။ 

ဆင်းရဲသူတို့ရဲ့ ဖြစ်ရပ်တွေဟာ ချမ်းသာသူတို့ အတွက် ဟာသ ဖြစ်လာစေတယ်။ လူမည်းတွေရဲ့ သွင်ပြင်ဟာလည်း လူဖြူတို့အတွက် ဟာသ ဖြစ်လာစေတယ်။ 

ဒီလို နှိုင်းယှဉ်မှုကြောင့် ပေါ်ပေါက် လာရတဲ့ ဟာသတွေဟာ အစောဆုံး ဟာသ အမျိုးအစား ဖြစ်တဲ့ အတွက် လည်း ရှေးက ခေတ် အဆက်ဆက် အတွေးအခေါ်နဲ့ ဒဿန နယ်ပယ်က ပညာရှင်ကြီးများ ဟာသကို မနှစ်မြို့ကြခြင်း ဖြစ်တယ်လို့ ယူဆမိတယ်။ 

ဒီလို နှိုင်းယှဉ်ချိန်ထိုးမှုနဲ့ တည်ဆောက်ထားတဲ့ ဟာသတွေကို ဒီကနေ့ခေတ်မှာလည်း အနည်းနဲ့ အများ ဆိုသလို မြင်နိုင်ပါသေးတယ်။ 

ဝတဲ့ အကြောင်း ဟာသ.. ပိန်တဲ့ အကြောင်းဟာသ.. လိင် ခံယူချက် ဆိုင်ရာ ဟာသ အစရှိတဲ့ အမျိုးအစား တွေဟာ နှိုင်းယှဉ်မှု ရှုထောင့်က ဟာသ တွေ ဖြစ်ကြပါတယ်။ 

ကမ္ဘာကျော် ဒဿနသမား ကန့် ခေတ်ကို ရောက်လာတော့ ဟာသ တည်ဆောက်ပုံတွေဟာ အဲ့သလောက် မရိုးရှင်းတော့ဘူး။ ၁၈၀၀ နှောင်းမှာ ဟာသတွေဟာ နှိုင်းယှဉ်မှု ပုံစံဟောင်းထဲကနေ juxtaposition ဆိုတဲ့ ဝိယောဓိ အဆိုတွေ အဖြစ်ကို ပြောင်းလာခဲ့ပြီ ဖြစ်ပါတယ်။ 

ဖြစ်သင့်ဖြစ်ထိုက်တဲ့ ရလဒ် မပေါ်လာပဲ.. ဆန့်ကျင်ဘက် ရလဒ်တွေ ပေါ်လာတဲ့အခါ ဟာသ ဖြစ်လာ တယ်။ 

မြင်ရမယ်လို့ ထင်ထားတဲ့ မြင်ကွင်း မဟုတ်ပဲ သူ့ အခြားတစ်ဖက်ကို မြင်ရတဲ့အခါ ဟာသ ဖြစ်လာ တယ်။ ဒီကနေ့ခေတ်မှာ ဒီပုံစံကို ကျယ်ကျယ်ပြန့်ပြန့် တည်ဆောက်ထားတဲ့ ဟာသမျိုးတွေကို အတော်များများ မြင်ရမှာ ဖြစ်ပါတယ်။ 

ဆစ်ဂမန် ဖရိုက် ကတော့ ဟာသ ဖြစ်ပေါ်လာပုံကို စိတ်ပိုင်းဆိုင်ရာကနေ ခွဲခြမ်း ပြခဲ့ပါတယ်။ သူ့အဆိုအရ ဟာသ တစ်ခုဟာ စိတ်ပိုင်းဆိုင်ရာ တင်းမာမှုတွေ လျှော့ချပေးဖို့ မွေးဖွားလာရတယ်လို့ ဆိုပါတယ်။ 

စိတ်ပိုင်းဆိုင်ရာ စွမ်းအင်တွေလည်း ဟာသနဲ့ အတူ လူအတွက် ပါလာတယ်လို့ သူက ဆိုပါတယ်။ 

ရယ်မောခြင်းဖြင့် အသက်ရှည်စေနိုင်သည် ဆိုတဲ့ ဆိုရိုးစကားတွေဟာ ဒီဘက်ခေတ်ကနေ ဆင်းသက် လာတဲ့ အယူအဆဖြစ်လိမ့်မယ် ထင်ပါတယ်။

ဒီကနေ့ခေတ် ဟာသ အကြောင်းကို ဇောက်ချ သုတေသန လုပ်နေကြတဲ့ သုတေသီ တချို့ကတော့ ဟာသ ဖြစ်ပေါ်လာပုံနဲ့ ပတ်သက်ပြီး သီအိုရီ အသစ်တစ်မျိုး ထပ်ထုတ်ထားပါတယ်။ အဲ့ဒါကို Benign Violation Theory လို့ ခေါ်ပါတယ်။ 

ဒီသီအိုရီအရ ဟာသတွေဆိုတာ အခြေအနေ သုံးခု တွေ့ဆုံတိုင်း ထကြွလာရတဲ့ ဖြစ်စဉ်တွေလို့ ဆိုပါတယ်။ ဘာတွေလဲ ဆိုတော့... 

(၁) တစ်ခုခု ချိုးဖောက်ခံလိုက်ရပြီ... ကျူးလွန်ခံလိုက်ရပြီလို့ မြင်ခြင်း (ဥပမာ- လှေခါးပေါ်က လိမ့်ကျခြင်း)
(၂) ဒီချိုးဖောက်ခံ... ကျူးလွန်ခံ ဘေးကင်းခြင်း (လိမ့်ကျပေမယ့် ဘာမှ မဖြစ်ခြင်း)
(၃) ချိုးဖောက်ခံရခြင်းနဲ့ ရလဒ်ကို အပြန်အလှန် သုံးသပ်နေမိခြင်း (လိမ့်ကျတယ်.. ဘာမှ မဖြစ်ဘူး။ စိတ်ဖြေသာစရာ ကိစ္စ.. ရယ်မောစရာ ကိစ္စ စသဖြင့် ဖြစ်လာခြင်း) 

ဆိုပြီးတော့ ဖြစ်ပါတယ်။ 

ပုံ ၁ ကို ကြည့်ရင် ရှင်းလိမ့်မယ် ထင်ပါတယ်။ Benign ဆိုတာ ဘေးကင်းခြင်း... Violation ဆိုတာ ချိုးဖောက် ခံရခြင်း.. ဒီအစွန်း ၂ ဖက်မှာ ဘာ ဟာသ မှ မရှိဘူး။ သူတို့ ၂ ခုလုံး ရောယှက် နေတဲ့ ထဲမှာသာ ဟာသ ဖြစ်တည်လေ့ ရှိပါတယ်။ 

ဒီမှာ တစ်ခုတော့ ရှိတယ်။ ဒီဖြစ်စဉ်တစ်ခုထဲကိုပဲ... ကိုယ့်နီးစပ်သူလား.. အဝေးက သူလား အပေါ် မူတည်ပြီးတော့လည်း ဟာသ ရှုမြင်ပုံ ကွဲတတ်ပါသေးတယ်။ ပုံ ၂ ကို ကြည့်ပါ။ (ပုံ ၂ ထဲမှာ မျဉ်း အနီပေါ်တစ်လျှောက်မှာသာ ဟာသ ရှိပြီး ကျန်နေရာတွေမှာ ဟာသ မရှိပါဘူး။) 

ဒီလောက်ဆိုရင် ဟာသ အကြောင်း နည်းနည်းပါးပါး တီးခေါက် မိလိမ့်မယ် ထင်ပါတယ်။ ကျွန်တော် လည်း ဖတ်နေဆဲ စာအုပ်ကလေးကနေ အကျဉ်းကို ဗဟုသုတ အဖြစ် ဘာသာပြန် ရေးပြပေးတာပါ။ 

ကိုးကား - The Humor Code: A Global Search for What Makes Things Funny 

#kyawnge

Comments

Popular posts from this blog

မြန်မာ eBook များ

Standard Army ဆိုင်ရာ....

ဘုရားသခင်ပြန်လာပြီလား ( Is God back ? )