Praetorianism
ပရေတိုရီယမ်နစ်ဇင်,“Praetorianism” ဆိုတာ နိူင်ငံတနိူင်ငံမှာ စစ်တပ်ကအုပ်ချုပ်တာ ဒါမှမဟုတ်"နိူင်ငံရေး" မှာစစ်တပ်ရဲ့ သြဇာလွှမ်းမိုးမှု ကြီးကြီးမားမား ရှိနေတာကိုပြောတာဖြစ် ပါတယ်။ ဒီထက်ပိုပြီးရှင်းလင်းတဲ့ အဓိပ္ပါယ်ကိုပြောရရင် "“Praetorianism” ဆိုတာ စစ်တပ်အလိုကျ ဒါမှမဟုတ် စစ်တပ် သဘောတူညီချက်နဲ့ အရပ်သားတွေ တာဝန်ယူနေတဲ့ အစိုးရရှိတဲ့ နိုင်ငံရေးစနစ်တစ်ခု" လို့ဆိုပါတယ်။
ဒီဝေါဟာရကို ပြန်ကောက်ဖို့ ရှေးယခင်က ရောမခေတ်ကိုပြန်သွားရ မှာပါ။ ဘီစီ(၂)ရာစုလောက် အချိန် ရောမအင်ပါယာမှာ ပရေတာ Praetor ဆိုတဲ့နိူင်ငံရေးခေါင်းဆောင် တွေနဲ့ ရောမအင်ပါယာ ဧကရာဇ်တွေကို အကာအကွယ် ပေးနေရတဲ့ ရောမစစ်တပ်ရဲ့ လက်ရွေးစင် အစောင့်တပ်သားတွေရှိခဲ့ပြီး သူတို့ကို"Praetorian Guard”လို့ ခေါ်ပါတယ်။"Praetorian Guard” တွေဟာ ရောမမှာကျင်းပပြုလုပ်တဲ့ အားကစားပြိုင်ပွဲတွေမှာလာရောက်ကြတဲ့ လူထုကိုထိန်းကျောင်းတဲ့ အလုပ်တွေလုပ်ကြပြီး တခါတခါမှာ သူတို့ကိုယ်တိုင် အားကစားကွင်းအတွင်း ဝင်ပြီး အသေအကျေတိုက်ခိုက် ကစားကြတဲ့ပွဲတွေမှာ တက်တက်ကြွကြွ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ "Praetorian Guard"တွေဟာ ရောမဧကရာဇ်တွေနဲ့သူတို့အကျိုးစီးပွါးတွေ ကိုအကာကွယ်ပေးဖို့ တာဝန်ရှိတာဖြစ်တဲ့အတွက် လူထုအကြား စုံစမ်းထောက်လှမ်း တာတွေ၊ ခြိမ်းခြောက်တာတွေ၊ ဒီထက်ပိုလိုအပ်ရင် လူတွေကိုဖမ်းဆီးတာတွေ၊ သတ်ဖြတ်ရတာတွေလုပ်ကြရပါတယ်။ အချိန်ကြာလာတာနဲ့အမျှ သူတို့တွေဟာ ပါဝါတွေ သြဇာတွေ တက်လာကြပါတယ်။ နောက်ပိုင်းမှာတော့ ရောမဧကရာဇ်တွေကို အကာအကွယ်ပေးတဲ့အဆင့်ကနေကျော်လွန်ပြီး ဧကရာဇ်တွေရဲ့ အသက်အန္တရာယ်ကိ ခြိမ်းခြောက်သူတွေ ဖြစ်လာကြပါတယ်။ ငွေကြေးနဲ့လုပ်ပိုင်ခွင့်အာဏာ ရဲ့သွေးဆောင်ဖြားယောင်းမှုနောက်မှာ လက်ရှိဧကရာဇ်မင်းကို လုပ်ကြံပြီး ဧကရာဇ်အသစ် တင်မြှောက်တာတွေလုပ်လာကြပါတယ်။တချို့ကိစ္စတွေမှာ အသစ်တက်လာနိူင်တဲ့ ဧကရာဇ်မင်းလောင်း တွေကို သတ်ဖြတ်တာမှာရော အသစ်တင်မြှောက်ရာမှာရော "Praetorian Guard" တွေဟာ အစိတ်အပိုင်း တခုအနေနဲ့ ပါဝင်ပါတ်သက် လာခဲ့ပါတယ်။ သူတို့ ထောက်ခံတဲ့ ဧကရာဇ်တွေကိုတောင်မှ သူတို့မကျေမချမ်းဖြစ်တဲ့ အခါမျိုးမှာ လုပ်ကြံသတ်ဖြတ်ဖို့ဝန်မလေးသလို,ဧကရာဇ်တွေက သူတို့အပေါ် သူတို့လိုက်နာရမဲ့ စည်းကမ်းအသစ်တွေသတ်မှတ်ပြီး လက်ခံလိုက်နာဖို့ပြောတဲ့ အခါမျိုးမှာလည်း ပြောတဲ့ဧကရာဇ်ကို လုပ်ကြံပစ်လိုက်တဲ့ အဆင့်ထိရောက် လာပါတယ်။ဒီလိုနည်းလမ်းတွေနဲ့ သူတို့တန်ခိုးအာဏာ ကြီးထွားလာဖို့ကြိုးပမ်းခဲ့ကြပါတယ်။
ဒီလို နိူင်ငံရေး နယ်ပယ်ထဲကို ထဲထဲဝင်ဝင် ရောက်လာကြပြီး နိူင်ငံရေးမှာ အဆုံးအဖြတ်ပေးနိုင်တဲ့ သူတွေအဖြစ်အရေးပါ လာရာကနေ နိူင်ငံရေးစနစ်တွေကို ထိန်းချုပ်လို့ အုပ်ချုပ်သူတွေဖြစ် လာကြတာက အစပြုတယ်လို့ဆိုနိုင်ပါတယ်။ အေဒီ နှစ်ရာစု အကုန်ပိုင်းလောက်မှာ ရောမဧကရာဇ် Septimius Severus ဟာ"Praetorian Guard” ဖွဲ့စည်းပုံကို အပြီးဖျက်သိမ်းခဲ့ပြီး ကြေးစားတပ်သားတွေထဲက တချို့ကိုသူ့ရဲ့ ကိုယ်ရံတော် အနေနဲ့ ခန့်ထားခဲ့ပါတယ်။ ဒါတောင် ရောမပလ္လင်ကို ကာကွယ်စောင့်ရှောက်သူ အဖြစ်(တရားဝင်တော့မဟုတ်ပါဘူး) အေဒီ(၄)ရာစု အကုန်လောက်ထိ ရှိနေသေးတယ်လို့ဆိုပါတယ်။
မော်ဒန် ပရီတိုရီယမ်နစ်ဇင်မ် ကိုအစပြုလေ့လာခဲ့သူကတော့ "Samuel Huntington” ဖြစ်ပြီး သူ့ရဲ့ ၁၉၆၂ မှာထုတ်ဝေခဲ့တဲ့ " Changing patterns of military politics" စာအုပ်မှာ "Praetorian state" ဆိုတဲ့ စကားရပ်အသုံးအနှုန်းကို စတင်သုံးခဲ့ပါတယ်။
မြန်မာနိူင်ငံ မှာတော့ ဗိုလ်ချုပ်နေဝင်းတို့ အာဏာသိမ်းခဲ့တဲ့ ၁၉၅၈ ကနေစလို့ စစ်တပ် ကြီးစိုးတဲ့ အစိုးရ အမျိုးမျိုးအုပ်ချုပ်လာခဲ့တာ ဆယ်စုနှစ်(၆)ခုလောက် ရှိခဲ့တယ်လို့ မြန်မာ့အရေးလေ့လာ သူတွေက သုံးသပ်ကြပါတယ်။ မြန်မာ့အရေးလေ့လာတဲ့သူတွေက မြန်မာနိူင်ငံကို ရှေးဟောင်းအယူအဆပုံစံဖြစ်တဲ့ စစ်တပ်ကြီးစိုးတဲ့နိူင်ငံ Praetorian State ဆိုတဲ့နိူင်ငံအဖြစ် ပြန်လည်ရှာဖွေတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံဟာ ဒီလို Praetorian State တခုဖြစ်ပေါ်လာဖို့အတွက်လည်း အကြောင်းရင်းခံတွေ ရှိနေခဲ့ပါတယ်။ မြန်မာနိူင်ငံဟာ လွတ်လပ်ရေးနဲ့အတူ နိူင်ငံရေးမငြိမ်မသက်ဖြစ်ခဲ့ပြီး ပြည်တွင်းစစ် တောက်လျှောက်ဖြစ်ခဲ့သည်သာမက ပြည်ပရန်ကလည်းခြိမ်းခြောက်လာခဲ့လို့ တဖြည်းဖြည်းနဲ့ မြန်မာတို့ရဲ့စစ်တပ်ဟာ အင်အားတောင့်တင်းတဲ့တပ်မတော်ဖြစ်လာခဲ့ပါတယ်။
ကမ္ဘာကြီးရဲ့ စစ်အေးကာလ အလယ်ပိုင်းကာလလောက်မှာ လူမှုရေးသိပ္ပံပညာရှင်တွေနဲ့ မူဝါဒရေးဆွဲကြတဲ့သူတွေဟာ Praetorian State ရဲ့အပြုအမူတွေ၊ လုပ်ကိုင်ဆောင် ရွက်ပုံတွေကို ဆွေးနွေးခဲ့ကြပါတယ်။ ၁၉၅၀ ကနေ ၁၉၇၀ အတွင်း ခေတ်သစ်နိူင်ငံရေး စနစ်တွေ ရှင်သန်အောင်မြင်ဖို့အတွက် စစ်တပ်အနေနဲ့ ဘယ်လို အခန်းကဏ္ဍနဲ့ ဘယ်လိုနေရာမျိုးမှာ ရှိနေသင့်တယ်ဆိုတာကို အသက်ဝင်တဲ့ရုပ်လုံးဖော်ပြီး စာတမ်း ပြုစုခဲ့ပါတယ်။ လွတ်လပ်ရေး ရအပြီးနောက်ပိုင်း အာရှ၊ အာဖရိက၊ လက်တင်အမေရိက နိုင်ငံတွေမှာ ရှိနေတဲ့ အမျိုးမျိုးသောပုံစံနဲ့ရှိနေတဲ့ စစ်တပ်တွေအနေနဲ့ နိူင်ငံရေးတွေမှာ ဘယ်လို ပုံပန်း သဏ္ဍန်နဲ့ ဝင်ရောက်စွက်ဖက် နေကြပြီး သူတို့ရဲ့ စွမ်းဆောင်ရည်တွေကို အထူးသဖြင့် ခေတ်မီတဲ့အတွေးအခေါ်တွေနဲ့ အုပ်ချုပ်မှုတွေမှာ ဘယ်လို မြှင့်တင်နေကြသလဲဆိုတာကို ခွဲခြားဖော်ထုတ်ခဲ့ပါတယ်။ ဒါကြောင့် ရေပန်းစားတဲ့ အယူအဆဖြစ်တဲ့ စစ်တပ်ကြီးစိုးတဲ့ Praetorianism ကို ပုံဖော်နိုင်ဖို့ စစ်တပ်က အမြဲလိုလို အာဏာသိမ်းနေတဲ့ ပါကစ္စတန်၊ ထိုင်း၊နိုက်ဂျီးရီးယား၊ မြန်မာ၊ အီဂျစ် နိူင်ငံတွေကို သာဓကပြဖို့ အထောက်အထားတွေ ရယူခဲ့ကြပါတယ်။
ဒီကနေ့ မော်ဒန်ခေတ်မှာတော့ စစ်ခေါင်းဆောင်တချို့ဟာ သူတို့အနေနဲ့ စစ်ရေးမှာသာမက နိူင်ငံရေး ကိစ္စတွေမှာပါ အရပ်သားတွေထက်ပိုပြီး စွမ်းဆောင်နိုင်ရည်ရှိတယ်လို့ ထင်မြင် လာကြပါတယ်။ ဒီလိုထင်မြင်လာရအောင် တချို့ကိစ္စတွေက တွန်းအားပေးနေခဲ့ တာလည်းပါတာပေါ့။ နိုင်ငံတချို့ရဲ့ ရေပေါ်ဆီနိူင်ငံရေး သမားတွေ "ဒီမိုကရေစီ" ကိုဖော်ဆောင်ရာမှာ မပီမပြင်အားနည်းချက်ရှိတာတွေ၊အလွယ်တကူ ပြိုလဲနိုင်တဲ့ နိူင်ငံရေးအင်စတီကျူးရှင်းတွေ၊ လူ့အဖွဲ့အစည်းအတွင်း ဆန့်ကျင်ဖက်အစွန်းရောက်ပြီး နှစ်ခြမ်းကွဲဖို့ သဘောထား အယူအဆတွေပေါ်လာတာတွေ၊ရေပေါ်ဆီနိူင်ငံရေးသမားတွေနဲ့ စစ်ခေါင်းဆောင်တွေရဲ့ ပါတ်သက်ဆက်နွယ်မှုတွေဟာ တွန်းအားပေးနေ ခဲ့တဲ့ အကြောင်းတွေပါ။ ဒီလိုနဲ့ပဲ စစ်တပ်ဟာ တိုင်းပြည်ကို အုပ်ချုပ်ဖို့ တရားဝင်ဖြစ်တယ် ဆိုတဲ့ ထင်ယောင်ထင်မှား ယေဘုယျစိတ်ခံစားမှုတွေ ဖြစ်လာကြတာပါ။ အားလုံးသိကြတဲ့ အတိုင်း နိူင်ငံအများစုရဲ့ လွတ်လပ်ရေးရဖို့ ကြိုးပမ်းမှုတွေမှာ စစ်တပ်က အဓိကနေရာကနေ မပါမဖြစ်ပါခဲ့ရပါတယ်။ လွတ်လပ်ရေးရပြီးတဲ့အချိန်မှာ နိူင်ငံအများစုရဲ့ စစ်တပ်ဟာ တောင့်တင်းခိုင်မာမှု အရှိဆုံးသော နိူင်ငံရေး အင်စတီကျူးရှင်း ဖြစ်နေခဲ့ပါတယ်။ ဒါ့ကြောင့်လည်း လွတ်လပ်ရေးရအပြီးနောက်ပိုင်း အရပ်သား နိူင်ငံရေးသမားတွေ အကြားဖြစ်ပွါးတတ်တဲ့ သဘောထားကွဲလွဲမှုတွေမှာ ကြားဝင်စေ့စပ် ဖြန်ဖြေသူနေရာမှာ နေရင်းကနေ နိူင်ငံရေးမှာ သူတို့ပါဝင်မှရမယ်လို့ အထင်ရှိသူတွေဖြစ်ကြပါတယ်။စစ်တပ်ဟာ အရပ်သားတွေထက် တိုင်းပြည်ကိုပိုပြီးကောင်းအောင် ဘယ်လိုအုပ်ချုပ်ရမယ်ဆိုတာကို သူတို့သာ နားလည်သိရှိတယ် ဆိုတဲ့အမြင်ကို သူတို့စစ်သားတွေက လက်ခံ ယုံကြည်နေကြပါတယ်။
စစ်တပ်ဟာ လုံခြုံရေးကိစ္စအကြောင်းကိုရှေ့တန်းတင်လို့ သမားရိုးကျအတိုင်းရှိနေတဲ့သူတို့ရဲ့ လုပ်ငန်းတာဝန်တွေ ထက်ပိုပြီး နိူင်ငံရဲ့ပေါ်လစီတွေကို ပုံဖော်နေတဲ့ အုပ်ချုပ်မှု အာဏာပိုင်တွေနေရာအထိ ရယူလာကြပါတယ်။ နိူင်ငံရေးသိပ္ပံပညာရှင်တယောက်ဖြစ်တဲ့ Amos Permutter ပြောသလို နောက်ဆုံးမှာတော့ စစ်တပ်အင်စတီကျူးရှင်းအနေနဲ့ သူတို့ဟာ နိူင်ငံကို ကာကွယ်ပေးနေတဲ့ အဖွဲ့အစည်းဖြစ်တယ် (ဒါမှမဟုတ်) နိူင်ငံကို ကယ်တင်ခဲ့တဲ့ ကယ်တင်ရှင်တွေ ဖြစ်တယ်ဆိုတာတွေကို မှန်ကန်ကြောင်းအခိုင်အမာပြောဆိုရင်းနဲ့ စစ်တပ်က နိုင်ငံရေးမှာ နေရာရယူတာဟာ တရားဝင်ဖြစ်တယ်ဆိုတဲ့အယူအဆနဲ့ ကြိုးကိုင် ချယ်လှယ်လေ့ ရှိတယ်လို့ ဆိုထားပါတယ်။
အရပ်ဖက်-စစ်ဖက် ဆက်ဆံရေး တွေကိုလေ့လာခဲ့တဲ့ စကော်လာတွေဟာ ပရေတိုရီယမ် နိူင်ငံ Praetorian State တွေရဲ့ အုပ်ချုပ်ရေးနဲ့ ပေါ်လစီ ရေးဆွဲရေးတွေမှာ စစ်တပ်အနေနဲ့ ပါဝင်နေကြတဲ့ မမာဏ အတိုင်းအတာတွေအပေါ်မူတည်ပြီး စစ်တပ်တွေ နိူင်ငံရေးမှာ ပါဝင်နေကြပုံအမျိုးမျိုးကို ခွဲခြားရွေးထုတ်ခဲ့ကြပါတယ်။ အေမို့ ပါလ်မူတာ Amos Perlmutter က ကနဦးမှာ စစ်တပ်က အစိုးရရဲ့ပါဝါတွေကို ဘယ်လောက် အတိုင်းအတာအထိ ထိန်းချုပ်ထားတယ်ဆိုတဲ့ အနေအထားအရ ပရီတိုရီယမ် အစိုးရ ပုံစံနှစ်မျိုးကို သတ်မှတ်ခဲ့ ပါတယ်။ ပထမတမျိုးက စစ်တပ်က ခုံသမာဓိ arbitrator နေရာမှာ။အဲဒီမှာ စစ်တပ်က နိူင်ငံရေး အဖြစ်အပျက်တွေမှာ ဝင်ရောက်ဖြန်ဖြေသူအနေနဲ့ ရှိပြီး ပေါ်လစီရေးဆွဲတဲ့ကိစ္စတွေမှာ တိုက်ရိုက်ပါဝင်တာမရှိပါဘူး။ ဒါပေမဲ့ သွယ်ဝိုက်တဲ့နည်းတွေနဲ့ စိုးမိုး ချယ်လှယ်တာတွေ ရှိပါတယ်။ ပြည်သူတွေကိုခြိမ်းခြောက်အကျပ်ကိုင်တာတွေ၊ တွေလုပ်ပြီး နိူင်ငံရေးမှာ ဝင်ရောက် စွက်ဖက်ဖို့ ကြိုးစားတာမျိုးပါ။ နောက်တမျိုးကတော့ တိုင်းပြည်ကို အုပ်ချုပ်သူ ruler နေရာမှာရှိတဲ့အနေအထားပါ။ ဒီမှာတော့ စစ်တပ်က ပါဝါကိုရယူထားပြီး ပေါ်လစီရေးဆွဲရေးမှာရော၊ နိူင်ငံရဲ့ အင်စတီကျူးရှင်းတွေကိုရော အကုန်ထိန်းချုပ်ထားတာပါ။ တခါ နိုင်ငံရေးသိပ္ပံ ပါမောက္ခတဦးဖြစ်တဲ့ အဲရစ် အေ နော်လင်ဂါ Eric A.Nordlinger ကတော့ Perlmutter ရဲ့ သဘောတရားအယူအဆဖြစ်တဲ့ အုပ်ချုပ်သူ ruler နဲ့ ခုံသမာဓိ arbitrator ကိုပဲအခြေခံပြီး သူတို့နှစ်ခုအကြားမှာ သင့်တော်တဲ့ပုံစံဖြစ်တဲ့ အုပ်ထိန်းသူ Guardian ကိုထပ်မံထည့်သွင်းခဲ့တာပါ။ ဒါကိုသူက moderator လို့ နာမည်ပေးထားပါတယ်။ ဒီမှာတော့ စစ်တပ်ကအများအားဖြင့် “praetorian guardian” အနေနဲ့ အစိုးရရဲ့ ပါဝါကို ခွဲယူထိန်းချုပ် ထားတာဖြစ်ပါတယ်။ ဒါပေမဲ့ အကန့်အသတ်ရှိတဲ့ပေါ်လစီ ရည်မှန်းချက်တွေနဲ့ သတ်မှတ်ထားတဲ့ အချိန်ကာလအတွင်းမှာ ပါဝါကိုခွဲဝေရယူထားတာဖြစ်ပါတယ်။
မကြာသေးမီအချိန်အတွင်း အရှေ့တောင်အာရှက နိုင်ငံရေးပညာရှင်ဖြစ်တဲ့ မူသီယာ အလက်ဂတ်ပါ Muthiah Alagappa က ဒီအယူဝါဒ သဘောတရားပ်ါမှာပဲအခြေခံပြီး နောက်ထပ်တမျိုးထပ်တိုးပါတယ်။ စစ်တပ် အင်စတီကျူးရှင်းအနေနဲ့ နိူင်ငံရေးမှာ အဆင့်(၄) ဆင့်ပုံစံနဲ့ပါဝင်တာကို ဖော်ပြထားပါတယ်။ ပထမ တမျိုးက အကဲဖြတ်ဒိုင် referee ပါ။ စစ်တပ်က ဘယ်အရပ်သားအဖွဲကဖြင့် တိုင်းပြည်ကို အုပ်ချုပ်သင့်တယ်ဆိုတဲ့ ရွေးချယ်နိူင်ဖို့ လုံလောက်တဲ့အနေအထားပါ။ ဒါပေမဲ့ မလိုအပ်ပဲနဲ့ ဒီပါဝါကိုအသုံးပြုမှာ မဟုတ်ပါဘူး။ ဒုတိယအဆင့်က အုပ်ထိန်းသူ Guardian အဆင့်ပါ။ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ အခွင့်ထူးရပြီး တရားဝင်လုပ်ပိုင်ခွင့် ရှိနေတဲ့အတွက် အရပ်သားအစိုးရတွေကို ဖယ်ရှားနိုင်တဲ့ အခွင့်အရေး ရတဲ့အဆင့်ပါ။ တတိယအဆင့်ကတော့ စစ်တပ်အနေနဲ့ အုပ်ချုပ်ရေးမှာပါဝင်သူ participant- ruler ပါ။ ဒီမှာ စစ်တပ်အနေနဲ့ နိုင်ငံရေးမှာ တိုက်ရိုက်ပါဝင်ခွင့်နဲ့ ဥပဒေပြု အကောင် အထည်ဖော်ရာမှာ အာမခံချက်ရှိပြီးသားမို့ အရပ်သား အစိုးရနဲ့အတူ ပေါ်လစီရေးဆွဲရာမှာပါဝင်နိုင်ပါတယ်။ နောက်ဆုံး စတုထ္ထအဆင့်ကတော့ စစ်တပ်အနေနဲ့ နိုင်ငံရဲ့ဖွဲ့စည်းပုံနဲ့ နိုင်ငံရေးစနစ်တစ်ခုလုံးကို အလုံးစုံထိန်းချုပ်ထားနိုင်တဲ့ " praetorian ruler" အမျိုးအစားဖြစ်ပါတယ်။
ထူးခြားတာကတော့ မြန်မာနိုင်ငံအနေနဲ့ လွတ်လပ်ရေးရပြီးကတည်းကစပြီး ပရေတိုရီယမ် နိုင်ငံအဖြစ် တည်ရှိနေခဲ့ပြီး နိုင်ငံရေးမှာ ဒီဂရီမျိုးစုံနဲ့ပါဝင် ခဲ့တာတယ်လို့ပြောနိုင်တာပါ။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အပေါင်းအပါတွေ လွတ်လပ်ရေး တိုက်ပွဲဝင်ဖို့ ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ ဗမာ့လွတ်လပ်ရေး တပ်မတော်ကြီးဟာနယ်ချဲ့ကိုလိုနီတွေကိုတိုက်ထုတ်ခဲ့ပြီး လွတ်လပ်ရေး အရယူနိုင်ခဲ့ပေမယ့် လွတ်လပ်ရေးနဲ့အတူဖွားဖက်တော် ပြည်တွင်း မငြိမ်မသက်ဖြစ်မှုတွေက စလို့ ပြည်တွင်း၊ ပြည်ပခြိမ်းခြောက်မှုတွေ ခံနေရတဲ့အနေအထားမှာ တိုက်ပွဲတွေ အလီလီဆင်နွဲခဲ့ကြတဲ့ မြန်မာ့တပ်မတော်ရဲ့ အနေအထားကတိုင်းပြည်မှာ အရေးပါတဲ့ အနေအထားကို ရောက်ရှိစေခဲ့ပါတယ်။ အားလုံးသိကြတဲ့အတိုင်း ပြည်တွင်းမှာဖြစ်နေတဲ့ စစ်ပွဲတွေက အခုထိမပြီးနိုင်ဖြစ်ခဲ့ရပါတယ်။ အားနည်းချက် တွေရှိတဲ့ မြန်မာ့နိုင်ငံရေး ခေါင်းဆောင်အချို့ကြောင့် မှာ ဗိုလ်ချုပ်နေဝင်းခေါင်းဆောင်တဲ့ မြန်မာ့တပ်မတော်ဟာ ၁၉၅၈-၆၀ အတွင်း အိမ်စောင့်အစိုးရအဖြစ်တာဝန်ယူခဲ့ရပြီး တိုင်းပြည်ကို ခေတ္တတာဝန်ယူ အုပ်ချုပ်ဖို့ အခြေအနေ ပေးလာတာက တိုင်းပြည်ရဲ့ ကံကြမ္မာအလှည့် အပြောင်းဖြစ်လာပါတယ်။
၁၉၆၂ မှာ စစ်တပ်ကအာဏာသိမ်းယူခဲ့ပြီး ၁၉၇၄ အထိတော်လှန် ရေးကောင်စီက တာဝန်ယူခဲ့ပါတယ်။ အဲဒီကာလတွေဟာ မြန်မာ့တပ်မတော်အနေနဲ့ နိုင်ငံရေးစနစ်တစ်ခုလုံးကို အလုံးစုံထိန်းချုပ်ထားနိုင်တဲ့ " praetorian ruler " အမျိုးအစားအနေနဲ့ရပ်တည်ခဲ့ပါတယ်။ ၁၉၇၄ မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်ရေးဆွဲပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအနေနဲ့ တိုင်းပြည်ကို အုပ်ထိန်းတဲ့ Praetorian Guardians အနေနဲ့ ၁၉၈၈ ထိခရီးရောက်ခဲ့ပါတယ်။ မြန်မာပြည်သူတွေရဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီးနဲ့အတူ တစ်ပါတီ အာဏာရှင်စနစ်ကို တော်လှန်ဖြုတ်ချခဲ့တဲ့ ၁၉၈၈ ခုနှစ်မှာတော့ မြန်မာ့တပ်မတော်ဟာ ထပ်မံအာဏာ သိမ်းယူခဲ့ပါတယ်။ မြန်မာ့တပ်မတော်အနေနဲ့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကောင်စီ၊ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီဆိုတဲ့ အမည်တွေနဲ့အတူ နိုင်ငံရဲ့ဖွဲ့စည်းပုံနဲ့ နိုင်ငံရေးစနစ်တစ်ခုလုံးကို အလုံးစုံထိန်းချုပ်ထားနိုင်တဲ့ " praetorian ruler " အမျိုးအစား အနေနဲ့ တိုင်းပြည်ကိုအုပ်ချုပ်ခဲ့တာ ၂၀၁၁ အထိဖြစ်ပါတယ်။
ဒီအတော အတွင်း "praetorian ruler" ဖြစ်တဲ့ မြန်မာ့တပ်မတော်ရဲ့ နိုင်ငံတော်အေးချမ်း သာယာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီဟာ ၁၉၉၀ ပါတီစုံရွေးကောက်ပွဲရဲ့ မှာ NLD အပြတ်အသတ် အနိုင်ရခဲ့တဲ့ရလဒ်ကိုမထောက်ထားခဲ့သလို ပြည်သူတွေရွေးချယ် တင်မြောက်အနိုင်ရခဲ့တဲ့ NLD ပါတီရဲ့ ကိုယ်စားလှယ်တွေရဲ့ဆန္ဒကို မျက်ကွယ်ပြုပြီး မြန်မာပြည်မှာ စစ်တပ် ဆက်လက် ကြီးစိုးနိုင်ဖို့ သူတို့စိတ်ကြိုက်လူတွေ ထည့်သွင်းပြီး အမျိုးသားညီလာခံကျင်းပခဲ့ပါတယ်။ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီရဲ့ မူဝါဒလမ်းစဉ် (၇)ရပ်ကို၂၀၀၃ ခုနှစ်မှာ ချမှတ်ခဲ့ပြီး သူတို့စိတ်ကြိုက်ဖွဲ့စည်းပုံ အခြေခံဥပဒေကို သူတို့စိတ်ကြိုက်ရွေးချယ် ထားတဲ့သူတွေနဲ့ သူတို့အလိုကျ ရေးဆွဲခဲ့ပါတယ်။ အင်မတန်အငြင်းပွါးစရာဖြစ်ခဲ့တဲ့ အဲဒီ အခြေခံဥပဒေကို မြန်မာ့သမိုင်းမှာ လူသိန်းပေါင်းများစွာသေကြေပျက်စီးခဲ့ရပြီး အဆိုးရွားဆုံးခံခဲ့ရတဲ့ နာဂစ်မုန်တိုင်းကြီး တိုက်ခတ်ပြီးစအချိန်မှာ ပြည်လုံးကျွတ်ဆန္ဒခံယူပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မညှာမတာ အတည်ပြုပြဋ္ဌာန်းခဲ့ပါတယ်။
တရားမျှတမှုမရှိပဲ ပြည်သူ့ဆန္ဒတွေကို မျက်ကွယ်ပြုထားပြီး praetorian state ဆက်လက်အဓွန့်ရှည်ဖို့ စစ်အစိုးရအလိုကျရေးဆွဲထားခဲ့တဲ့ အခြခံဥပဒေကို အခြေပြုပြီး ကျင်းပခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲကို NLD ပါတီက သပိတ်မှောက်ပြီး ဝင်ရောက်ယှဉ်ပြိုင်ချင်း မပြုခဲ့တဲ့အတွက် စစ်အစိုးရရဲ့ ပါတီဖြစ်တဲ့ USDP ကအနိုင်ရခဲ့ပါတယ်။ ၂၀၁၁ မှာ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဦးသိန်းစိန် ဦးဆောင်တဲ့ အရပ်သားအစိုးရကို အာဏာလွှဲပြောင်း ခဲ့သည့်တိုင် စစ်တပ်ကြီးစိုးတဲ့ ပရေတိုရီယမ် ပုံစံကပျောက်ကွယ် သွားတာမဟုတ်ပါဘူး။
Thet Winn Tint
Ref:
- Debating Democratization in Myanmar: The continuing political salience of the military in post-SPDC Myanmar by Renaud Egreteau
- Related "Praetorianism" articles from Google search.
Image: Alamy.com
Comments
Post a Comment