|ဖြေဆည်ရာ


လူတော်တော်များများက အကြောင်း အကျိုးဆိုတာကို တစ်ဆက်တည်းဖြစ်တည်နေမှုအဖြစ် အပြောများ လက်ခံထားကြတယ်။ အကြောင်းကြောင့် အကျိုးဖြစ်တယ် ဆိုပြီး နားလည်ကြတယ် ။ သေချာစဉ်းမှုမရှိပဲ ဘာသိဘာသာ လက်ခံထားကြတယ်လို့ ယူဆတဲ့အတွက် ဒီစာကို ရေးဖြစ်တာပါ။

တကယ်ပဲ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အကြောင်းကြောင့် အကျိုးဖြစ်နေသလား  စဉ်းစားကြည့်ရအောင်။ ရေဆာတယ် ဒါကြောင့် ရေသောက်တယ် ။ ရေဆာခြင်းသည် အကြောင်း ရေသောက်တာသည် အကျိုး ဒီလို ယူဆနိုင်စရာရှိတယ်။ ဒါပေတဲ့ ဒီ အဓိပ္ပါယ် ကို အခြေခံကျကျသေချာစစ်ထုတ်ရင် ထပ်ပြီး မေးခွန်းထုတ်စရာတွေရှိလာတယ်။

ရေဆာတယ် ဒါဟာအကြောင်းလို့ လက်ခံလို့ရတယ်။ ဒါပေမယ့် ရေဆာရင် ရေသောက်ရမှာလို့ သိတဲ့အသိဟာ အသိဉာဏ် ရဲ့ စေ့ဆော်မှုပဲ ။ ရေဆာလို့ ဖြစ်လာတဲ့ အကြောင်းရဲ့ အကျိုးမဟုတ်ဘူး ။ ဒီတော့ ရေသောက်တယ်ဆိုတဲ့ အကျိူးကို  ကိုယ်လိုချင်သလို ရွေးချယ်လို့ ရသလိုဖြစ်သွားတယ်။ ရှင်းအောင်ပြောရရင် ရေဆာတယ် ဒါကြောင့် ရေသောက်ရမယ်ဆိုတာမဟုတ်ဘူး။ ကိုယ့်ရဲ့ အသိဉာဏ်ကနေ နောက်တခုခုကို ရွေးချယ်လို့ရတယ်ဆိုတာ ပြနေတာပဲ ။ သို့ပေတဲ့ လက်တွေ့မှာက တခြားဆိုတာကို မရွေးချယ်ကြဘူး ။ ဘာလို့လဲ ။ အဖြေက ရှင်းရှင်းလေးပဲ ။  ကျွန်တော်တို့ရဲ့ ဦးနှောက် က ရေဆာရင် ရေသောက်ရမယ်ဆိုတဲ့ ဖြစ်စဉ်ကို မလွန်ဆန်နိုင်ဘူး။ ဒီတော့ တခြားရွေးချယ်စရာတွေ မစဉ်းစားကြတော့ဘူး။ သတ်မှတ်ထားတဲ့ ဘောင်တွေရဲ့ အပြင်ကို ကျော်ပြီး စဉ်းစားဖို့ မဝံ့ရဲကြဘူး။ အကျိုးဆက်အနေနဲ့ လူတွေက လမ်းရိုးကြီးအတိုင်း လျှောက်ပြီး အခုလက်ရှိဘဝကို ကျေနပ်နေကြရတာပဲ။

အပေါ်က ဥပမာကိုကြည့်ရင် အကျိုး ဖြစ်လာမယ့်အရာတွေကို အသိဉာဏ်ကနေ အရင်ဆုံးရွေးချယ်လို့ရတယ်ဆိုတာပြနေတာပဲ။ အကြောင်းကနေ အကျိုးဆိုတဲ့ ဖြစ်စဉ်က သူ့အလိုလို ဖြစ်နေတာမဟုတ်ဘူးဆိုတာ သတိချပ်နေသင့်တယ်။ ဒီနေရာမှာ ကျွန်တော် အဓိကပြောချင်တာက ကောင်းတာ ဆိုးတာ ကို ပြောချင်တာမဟုတ်ဘူး။ ကိုယ့်ရဲ့ ရွေးချယ်မှုကြောင့် အခြေအနေတွေ ပြောင်းလဲသွားနိုင်တယ်ဆိုတာကို အဓိကထောက်ပြချင်တာ။ တကယ်တော့ ကောင်းတဲ့ အကျိုးပဲဖြစ်ဖြစ် ဆိုးတဲ့အကျိုးပဲဖြစ်ဖြစ် အသိဉာဏ် ရဲ့ ရွေးချယ်မှုကနေဖြစ်လာတာပဲ။ နောက်တချက်က စကားလုံးဘောင်တွေကနေ ဖြတ်ကျော်နိုင်မှုပဲ ။ ဗိုက်ဆာရင် ထမင်းစားမယ် ဆိုတဲ့ ဖြစ်စဉ်ဟာ လမ်းရိုးကြီးက ထားခဲ့တဲ့ အမြင်သဘောတရားပဲ ။ စကားလုံးတွေရဲ့ လွှမ်းမိုးမှုပဲ  ။ လက်တွေ့မှာ ကိုယ်က ရွေးချယ်လို့ရတယ် ။ ထမင်းမဟုတ်တဲ့ မုန့်တစ်ခုခု ဒါမှမဟုတ် တခြား ဖြည့်စွက်စာ တစ်ခုခုပေါ့။ ဒါပေမယ့် အဲ့ဒီလို ရွေးချယ် နိုင်တာကို စကားလုံးတွေရဲ့ အဓိပ္ပါယ် လွမ်းမိုးမှုအောက်မှာ လက်လွတ်ဆုံးရှုံးနေကြတယ်။

အခုပြောခဲ့တဲ့ ဥပမာတွေလိုပဲ တခြားအကြောင်းအရာတွေကို ထည့်သွင်းချိန်ထိုးကြည့်မယ်ဆိုရင် ထပ်ပြီးစဉ်းစားစရာတွေ အများကြီးထွက်လာဦးမှာပါ။

နောက်ဆုံးအနေနဲ့ပြောရရင် အကြောင်းကြောင့် အကျိုးဖြစ်တယ်ဆိုပြီး ဆင်ခြေပေးဖြေသိမ့်နေမယ့်အစား ကိုယ်ရွေးချယ်ခဲ့တာရဲ့ ရလဒ် ကို ကိုယ်ကိုယ်တိုင် ခံစားရတယ်ဆိုတဲ့ အမြင်ကို ပြောင်းပြီး လက်ခံသင့်တယ်လို့ မြင်တယ်။ လမ်းရိုးစကားလုံးတွေရဲ့ အစီအစဉ် ဖြစ်မှုနောက်ကို လိုက်မလား ဒါမှမဟုတ် ပြောင်းသင့်တာကိုပြောင်းမလား ဆိုတာ မိမိတို့ကိုယ်တိုင်ပဲ ရွေးချယ်ရမှာဖြစ်ပါတယ်။

ဖြိုးပြည့်

Comments

Popular posts from this blog

မြန်မာ eBook များ

Standard Army ဆိုင်ရာ....

ဘုရားသခင်ပြန်လာပြီလား ( Is God back ? )