စရိုက်သေ စာပေ

စရိုက်သေ စာပေတွေနဲ့ လူ့အဖွဲ့အစည်းကို
နားလည်နိုင်မှာ မဟုတ်ဘူး။

၅၅၀ ဇာတ်တွေ၊ ဆားပုလင်းနှင်းမောင်ကဲ့သို့
စုံထောက်စာပေတွေ၊ ရဲရင့်မှန်ကန်မှုဘက်သာ
အမြဲရှိနေတဲ့ တော်လှန်ရေး စာပေတွေဟာ
စရိုက်သေတွေပဲ။

လူကောင်းက အမြဲကောင်းနေတယ်။
လူဆိုးက အမြဲဆိုးနေတယ်။

ဒီလို နှစ်ခုတွဲအမြင်ဟာ လူကို နားလည်ဖို့အတွက်
ဘယ်လိုမှ အကျိုးမပြုဘူး။

ဇာတ်လမ်းအစကတည်းက အမြဲကောင်းလာတယ်
ဆိုရင် လူ့စရိုက်ကို ကျနော်တို့ ဘယ်လိုနားလည်
ရတော့မလဲ။

စရိုက်ရဲ့ သဘောဟာ နုရာမှ ရင့်၊ ရင့်ရာမှ
ရော်၊ ရော်ရာမှ မှည့် ဤသို့သာ ဖွံ့ဖြိုးတိုးတက်
ဖြစ်ပေါ်လာရမှာ ပဲ ဖြစ်ပါတယ်။

ပြီးစရိုက်သေ ဝတ္ထု၊ စာပေတွေဟာ ပတ်ဝန်းကျင်
တွန်းအား၊ ဆွဲအား၊ လှည့်အား ကို ထည့်မတွက်
သော စာပေတွေလည်း ဖြစ်နေပါတယ်။
လ္ဘက်ရည်ဆိုင်ထဲ ရန်ဖြစ်နေတာကို ဇာတ်လိုက်
က လ္ဘက်ရည်အသောက်မပျက် ထိုင်နေနိုင်တယ်
ဆိုတာ ဒါ ပတ်ဝန်းကျင်ကို လစ်လျူရှုသော စရိုက်
သေပဲ။ အားကျစရာတော့ ကောင်းတယ်။ဒါပေမဲ့
လူစရိုက်ကို တော့ ထိုဇာတ်ကွက်က နားလည်
အောင် ကူညီပေးမှာ မဟုတ်ဘူး။

စရိုက်သေဟာ စာဖတ်သူကို လူပတ်ဝန်းကျင်နဲ့
ကင်းကွာစေအောင် ပြုလုပ်တယ်။ စရိုက်သေ
စာဖတ်သမားမှာ အမြင်က နှစ်မျိုးပဲ ရှိတော့မယ်။
အထင်ကြီးစရာလူနဲ့၊ အထင်သေးစရာ လူ။
စရိုက်သေကလာတဲ့ စံချိန်စံညွှန်းနဲ့ မှီရင် ထိုသူက
အထင်ကြီးစရာ။စံညွှန်းမမှီရင် အထင်သေးစရာ။

ထိုစရိုက်သေ စာဖတ်သမားတွေက တစ်တိုင်းပြည်
လုံးဆို ထို တစ်တိုင်းပြည်လုံးက ပတ်ဝန်းကျင်နဲ့
ကင်းကွာသော တိုင်းပြည်သာ ဖြစ်မယ်။
ထိုကြောင့်သာ စရိုက်သေဖွံ့ဖြိုးခဲ့တဲ့ ဂျပန်၊ တရုပ်၊
အိန္ဒိယ နိုင်ငံ အစထား အာရှ၊ မွတ်စလင်ကမ္ဘာ
အာရပ်တို့သည် အခြားကမ္ဘာကြီးနဲ့ ကင်းကွာသော
အခြေအနေကို ရောက်ရှိခဲ့ကြတာ ဖြစ်ပါတယ်။

စရိုက်ရှင်အညွှန်းမှာ တမင်သက်သက် လုပ်ဇာတ်
ခင်းပြီး ဇာတ်ကောင်ကို ကောင်းလိုက် ဆိုးလိုက်
သက်သက် စာရေးဆရာကြိုးဆွဲ သလို ဖြစ်နေတာ
ကို ဆိုလိုတာ မဟုတ်ဘူး။ သူ့ ပတ်ဝန်းကျင်က
ရိုက်ခတ်တဲ့ ဖြစ်ရပ်တွေအပေါ် တုံ့ပြန်ရင်း ပိုရင့်
ကျက်သွားသူ၊ ဖွံ့ဖြိုးသွားသူ ၊ သို့မဟုတ် ပိုဆိုးသွား
သူ ၊ ပို အထိအရှ မခံနိုင်သူ အဖြစ် ပြောင်းလဲ
သွားတာ ဖြစ်ပါတယ်။ ဒါကို  စရိုက်ရှင်ဟု
နားလည်နိုင်ပါတယ်။

စရိုက်သေမှာ ဒိုင်မေးရှင်းက နှစ်ခုပဲ ရှိတယ်။
ဒီနှစ်ခုနဲ့ လူကို ဘယ်လို ဖမ်းဆုပ်မိမှာလဲ။
လူဟာ မျက်နှာစာ နှစ်ဖက်ပဲ ရှိတဲ့ စက္ကူမှ
မဟုတ်တာ။

စရိုက်ရှင်မှာလည်း စာရေးဆရာတွေရဲ့ ဝတ္ထုထဲ
က စရိုက်ရှင်ဆိုတာ ပြည့်စုံသောစရိုက်ရှင်မဟုတ်
သေးပါဘူး။ ဤသို့ ပြောင်းလဲ ဖြစ်ပေါ် တတ်တယ်
ဟု လူ့စရိုက်ကို သဲလွန်စပြတဲ့ သဘောပဲ ရှိတယ်။
ပုံတူ ဧကန် ဖြစ်ပေါ်မယ်လို့က ဘယ်လို မှ မပြော
နိုင်ဘူး။

စရိုက်သေအဖွဲ့တွေဟာ
စာဖတ်တတ်စ ကလေးတွေအတွက်ပဲ စာပျော်
တွေ ဖြစ်အောင် အသုံးကျတယ်။ ဝါဒတစ်ခု
အရောင်တင်ဖို့ အတွက်လည်း စရိုက်သေဟာ
အသုံးကျတယ်။လူကို နားလည်ဖို့ကတော့
စရိုက်သေနဲ့  မရဘူး။ ထိုထက် ပတ်ဝန်းကျင်ကို
နားလည်ဖို့က စရိုက်သေနဲ့ မရဘူး။

ဆိုပါရစေအုံး။ လူတစ်ယောက်က မိတ်ဆွေတွေ
အပေါ်တော့ ကောင်းတယ်။ သူ့ မယားအပေါ်
တော့ မကောင်းဘူး။ ဒီလိုအခြေအနေ တွေ့ရရင်
စရိုက်သေအမြင်သမားတွေ မျက်စေ့လည်တော့
တာ ဖြစ်ပါတယ်။ ဘာလို့ မျက်စေ့လည်သလဲ
ဆို လူဟာ ကောင်းရင် အားလုံးကောင်းရမယ်
လို့ စရိုက်သေသမားတွေက ကြိုတင်လက်ခံ
ထားလို့ ဖြစ်ပါတယ်။ သူ့ မယားအပေါ် ဘာကြောင့်
ဆိုးသလဲ ဆိုတာ ကျနော် မရှင်းနိုင်ပါဘူး။ ဒါပေမဲ့
လူဟာ စရိုက်ရှင်သဘောဖြင့် ဖွံ့ဖြိုးပြောင်းလဲ
နေတဲ့ သတ္တဝါဆိုတာပဲ ပြောချင်တာပါ။

သေချာတာ တစ်ခုက စရိုက်သေအမြင်နဲ့
လူနဲ့ လူ့ပတ်ဝန်းကျင်ကို နားလည်နိုင်မှာ
မဟုတ်ဘူး။ နားမလည်တဲ့ အပြင် ထို အရာများနဲ့
ပို၍ ဝေးသောသူ တွေသာ ဖြစ်သွားနိုင်တယ်။

Oo thaw

Comments

Popular posts from this blog

မြန်မာ eBook များ

Standard Army ဆိုင်ရာ....

ဘုရားသခင်ပြန်လာပြီလား ( Is God back ? )