စစ်ဗိုလ်ချုပ်တွေဟာ …. တပ်မတော် ကို တကယ်တည်ဆောက်ခဲ့သလား…



၁၉၈၈ခု စက်တင်ဘာ ၁၈ရက်မှာ
တပ်မတော်က အာဏာသိမ်းပြီး
စစ်အစိုးရတစ်ရပ် တက်လာခဲ့ပါတယ် ။
စစ်အစိုးရ ဖြစ်တဲ့အတွက်
အာဏာသုံးရပ်ကို တစ်ပေါင်းတည်း ချုပ်ကိုင် ကျင့်သုံးပါတယ် ။
အာဏာရဲ ့အထွတ်အထိပ်ကတော့
ဗိုလ်ချုပ်ကြီးများ အများအပြား ပါ၀င်တဲ့ ကောင်စီဖြစ်ပါတယ် ။
ဗိုလ်ချုပ်တွေ အများအပြားပါ၀င်တယ်ဆိုပေမယ့်လဲ
တကယ်တန်း အာဏာရှိတဲ့ သူကတော့
ထိပ်တန်းဗိုလ်ချုပ်ကြီး သုံးလေးဦး မျှသာ ဖြစ်တယ်လို့ ဆိုပါတယ် ။

စစ်အစိုးရ လက်ထက်မှာ
တိုင်းပြည်ရဲ ့စီပွားရေး လူမှုရေး စစ်ရေး ကဏ္ဍတွေအတွက်
စီမံကိန်းတွေ အများအပြား
အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါတယ် ။
ဒီစီမံကိန်းတွေဟာ အောင်မြင်တာ ရှိသလို
မအောင်မြင်တာတွေလဲ ရှိပါတယ် ။
ဒီစီမံကိန်းတွေ လုပ်ဆောင်တဲ့နေရာမှာ
နိူင်ငံတော်ရဲ့ဘတ်ဂျက်ကို
အထက်မှာ ဖော်ပြခဲ့တဲ့ စစ်ကောင်စီကပဲ ထိန်းချုပ်သုံးစွဲခဲ့ပါတယ် ။

စစ်အစိုးရဟာ တိုင်းပြည်ရဲ့ဘယ်ကဏ္ဍကို
ဘယ်လောက်ငွေပမာဏသုံးစွဲခဲ့တယ်ဆိုတာ
ထုတ်ပြန်ကြေငြာခြင်း မပြုခဲ့ပေမယ့်
ကာကွယ်ရေးကဏ္ဍမှာ
အများဆုံးသုံးစွဲခဲ့တယ်ဆိုတဲ့ အချက်ကိုတော့
အကြမ်းဖျင်း မှန်းဆသုံးသပ်နိူင်ပါတယ် ။
အတည်မပြုနိူင်တဲ့ သတင်းတွေအရ
တစ်ခါတစ်ရံမှာ ဘတ်ဂျက်ရဲ ့ ၆၀ရာခိုင်နူန်းအထိ သုံးစွဲပြီး
တပ်မတော်ကို အကြီးအကျယ် အဆင့်မြှင့်တင်ခဲ့တယ်လို့ ဆိုပါတယ် ။
ဒီအခါမှာ စစ်အစိုးရဟာ
တပ်မတော်ကို တကယ် အဆင့်မြှင့်တင်ခဲ့ရဲ့လား ဆိုတဲ့
မေးခွန်းတစ်ခု ပေါ်ပေါက်လာပါတယ် ။

ဒီမေးခွန်းဟာ အင်မတန် ရှုပ်ထွေး အငြင်းပွားရတဲ့ မေးခွန်းပါ ။ စစ်ရေးအဆင့်မြှင့်တင်မှုတွေဟာ
ဘယ်နိူင်ငံမှာပဲ ဖြစ်ဖြစ် သိပ်ပြီး ပွင့်လင်းမြင်သာ
သတင်းထုတ်ပြန်လေ့ရှိတဲ့ အခန်းကဏ္ဍမဟုတ်ပါဘူး ။
ဒါဆိုရင် မြန်မာနိူင်ငံ စစ်အစိုးရလို အင်မတန် လျို့ဝှက်ပြီး
တစ်သီးတစ်ခြားနေလေ့ရှိတဲ့ စစ်အစိုးရတစ်ရပ်အဖို့
ဒီလိုကိစ္စမျိုးကို သတင်းထုတ်ပြန်ဖို့ဆိုတာ
အင်မတန်မှ မဖြစ်နိူင်တဲ့ကိစ္စရပ်တစ်ခုပါပဲ ။

ဒါပေမယ့် သေချာတာတစ်ခုကတော့
စစ်အစိုးရအနေနဲ့ ပြင်ပအကူအညီ မရရှိဘဲ
တပ်မတော်ကို အဆင့်မြှင့်တင်ဖို့ဆိုတာ
အလွန်ခက်ခဲလွန်းလှပါတယ် ။
ပြင်ပအကူအညီ ရယူရပြီဆိုတာနဲ့
သတင်းပေါက်ကြားမှုတွေ ဖြစ်လာခဲ့ပြီဆိုတာလဲ
ဓမ္မတာ တစ်ခုလို ဖြစ်နေပါတယ် ။

ရနိူင်သမျှ ပြင်ပသတင်းအချက်အလက်တွေကို
စုဆောင်းကောက်ချက်ဆွဲကြည့်တဲ့အချိန်မှာ
စစ်ဗိုလ်ချုပ်တွေဟာ ….
တပ်မတော် ကို တကယ်တည်ဆောက်ခဲ့သလား ဆိုတဲ့ မေးခွန်းကို
အကြမ်းဖျဉ်း ပုံဖော်လာနိူင်တယ်လို့ဆိုရမှာ ဖြစ်ပါတယ် ။

ဒီမေးခွန်းမှာ ပထမဆုံး စပြီး ချဉ်းကပ်ရမယ့် အချက်ကတော့
၁၉၈၈ ခုနှစ် မတိုင်မီ တပ်မတော် ရဲ ့အခြေအနေ ဖြစ်ပါတယ် ။
ပြည်ပ ကာကွယ်ရေး ၀က်ဆိုဒ်နဲ့
သြဇာရှိ ကာကွယ်ရေးဆိုင်ရာ စာစောင်တွေရဲ ့အဆိုအရ
၁၉၈၈ ခုနှစ် မတိုင်မီက မြန်မာ့ တပ်မတော် ရဲ ့အင်အားဟာ
တိုက်ခိုက်ရေး တပ်မ ၈ခု နဲ့
တပ်ဖွဲ့၀င် ၂သိန်း မပြည့်တပြည့်သာ ရှိခဲ့ပါတယ် ။
အတိအကျ ပြောရမယ်ဆိုရင်
ကြည်းတပ်မှာ ၁၈၄,၀၂၉ ယောက် ၊
ရေတပ်မှာ ၈,၀၆၅ ယောက်  နဲ့
လေတပ်မှာ ၆, ၅၈၇ ယောက် တို့ဖြစ်ပါတယ် ။

တပ်ဆင်ထားတဲ့လက်နက်၊ စစ်ယာဉ်တွေဟာ
ဒုတိယ ကမ္ဘာစစ် က သုံးခဲ့တဲ့  လက်နက်အမျိုးအစား အများစု နဲ့
၁၉၆၀ နှစ်ဦးပိုင်းမှာ ထုတ်လုပ်ခဲ့တဲ့
လက်နက်အမျိုးအစား တစ်ချို ့သာ ဖြစ်ပါတယ် ။

ဆက်သွယ်ရေး စနစ် နဲ့ထောက်ပံ့ပို့ဆောင်မှု စနစ်တွေဟာ
အရွယ်အစားသေးငယ်တဲ့
စစ်ဆင်ရေး မျိုးတွေကိုသာ ထောက်ပံ့နိူင်စွမ်းရှိပြီး
ရေတပ်ဟာ မြစ်တွင်း နဲ့ ကမ်းခြေစောင့် စစ်ရေယာဉ်
အနည်းငယ်ကိုသာ ပိုင်ဆိုင် ပါတယ် ။
လေတပ်ဟာ လဲ မြေပြင်တပ်ဖွဲ့များကို သာ
အထောက်အပံ့ပေးနိူင်စွမ်းရှိပြီး အင်အား အလွန်နည်းပါးလွန်းလှပါတယ် ။

ဒါပေမယ့်  ၁၉၉၀ ခုနှစ် နှစ်ဦးမှာတော့
မြန်မာ့တပ်မတော်ဟာ တစ်မျိုးတစ်ဖုံ
စတင်ပြောင်းလဲနေတယ်ဆိုတဲ့အချက်တွေကို
သိသိသာသာ မြင်တွေ့စပြုလာရပါတယ် ။

တပ်မတော် အနေနဲ့
ပထမဆုံး ပြုပြင်ပြောင်းလဲဖို့ကြိုးစားတာကတော့
ကာကွယ်ရေး သိပံ္ပ နဲ့ ...
နည်းပညာ ဆိုင်ရာ အဆောက်အအုံတွေ ဖြစ်ပါတယ် ။

၁၉၉၀ ခုနှစ် နောက်ပိုင်း မြန်မာနိူင်ငံ အလယ်ပိုင်း ဒေသအချို့က
တပ်မတော် ကာကွယ်ရေးပစ္စည်း စက်ရုံတွေဟာ
တပ်မတော်ရဲ ့လက်ရှိ အသုံးပြုနေတဲ့
အနောက်ဂျာမဏီ ဖက်စပ် ၇.၆၂ မီလီမီတာ ကျည်သုံး ..
G3 မောင်းပြန်ရိုင်ဖယ်တွေ ကို အစား ထိုး နိူင်ဖို့အတွက်
၅.၅၆ မီလီမီတာ ကျည်သုံး မောင်းပြန်ရိုင်ဖယ် အသစ်တစ်မျိုး နဲ့
ခြေလျင်တပ်သုံး လက်နက်မျိုးစုံတို့ကို
အကြီးအကျယ် စတင် စမ်းသပ်နေကြပါတယ် ။

လက်နက်ပုံစံ အသစ်တွေဟာ
၁၉၉၅ နှစ်ဦးမှာ စတင် ထုတ်လုပ်တဲ့အဆင့်ကို ရောက်ရှိလာပြီး
၁၉၉၈ ခုနှစ် ၀န်းကျင်မှာ
တပ်မတော် တစ်ခုလုံးက တိုက်ခိုက်ရေးတပ်မတွေကို
စတင် လဲလှယ်တပ်ဆင် ပါတယ် ။
အဲဒီ လက်နက်တွေကတော့ မြန်မာ့ တပ်မတော်မှာ လက်ရှိအသုံးပြုနေတဲ့
MA series မောင်းပြန်ရိုင်ဖယ်များ ၊ စက်သေနတ်များ ၊ မော်တာများ ၊
လောင်ချာများ ၊ မိုင်းများ အစရှိတဲ့လက်နက်တွေပဲ ဖြစ်ပါတယ် ။

အလားတူပဲ ၁၉၉၀ ခုနှစ် နှစ်ဦးပိုင်းမှာ
တပ်မတော် ရဲ ့ သံချပ်ကာ တပ်ဖွဲ့တွေဟာ
ခေတ်မီ တိုက်ခိုက်ရေး သံချပ်ကာယာဉ်တွေကို စတင် လက်ခံရရှိပါတယ် ။

နိူင်ငံတကာ ကာကွယ်ရေးဆိုင်ရာ ၀က်ဘ်ဆိုဒ်တွေရဲ ့အဆိုအရ
ဆယ်စုနှစ် တစ်ခုကျော် အတွင်းမှာ
T 72 ပင်မ တိုက်ပွဲ၀င် တင့် ၁၃၉ စီး ( ယူကရိန်း ၊ ရုရှား ) ၊
Type 59 D ပင်မ တိုက်ပွဲ၀င် တင့် ၂၈၀ စီး +  ( တရုတ် ) ၊
Type 69 .2 ပင်မ တိုက်ပွဲ၀င် တင့် ၁၉၀ စီး +  ( တရုတ် ) ၊
Type 80 ပင်မ တိုက်ပွဲ၀င် တင့်  ( ×× ) စီး ( တရုတ် ) ၊
Type 85 ပင်မ တိုက်ပွဲ၀င် တင့် ( ×× ) စီး ( တရုတ် ) ၊
Type 55 ပင်မ တိုက်ပွဲ၀င် တင့် ( ×× ) စီး ( အိန္ဒိယ ) ၊
Type 63 အပေါ့စား တင့် ၁၅၀ စီး + ( တရုတ် ) ၊
BTR 3U IFV သံချပ်ကာ တိုက်ယာဉ် ၁၀၀၀ စီး +
( ယူကရိန်း နှင့် ဖက်စပ် ပြည်တွင်းတွင် ထုတ်လုပ်သည် ) ၊
Type 85  APC သံချပ်ကာ လူသယ်ယာဉ်  ၂၅၀ စီး ( တရုတ် ) ၊
Type 90  APC သံချပ်ကာ လူသယ်ယာဉ် ၂၄၀ စီး ( တရုတ် ) ၊
EE 9 Cascavel  AFV  သံချပ်ကာတိုက်ယာဉ် ၁၄၀ စီး ( ဘရာဇီး ) ၊
AML 90 Armoured  Cars ( ×× ) စီး ( တောင်အာဖရိက ) ၊
72 MAV -1 IFV  သံချပ်ကာ တိုက်ယာဉ် ( ×× ) ( ပြည်တွင်းထုတ် ) တို့ကို
လက်ခံ ရရှိခဲ့တယ်လို့ ဆိုပါတယ် ။

သို့သော် တကယ်တန်း အကြီးမားဆုံး ပြောင်းလဲသွားတာကတော့
အမြောက်တပ်ဖွဲ့ ပဲ ဖြစ်ပါတယ် ။
အမြောက်တပ်ဖွဲ့ဟာ ၁၉၉၀ နှစ်ဦးပိုင်းက စတင်ပြီး
၁၅၅ မမ နဲ့ ၁၂၂ မမ ဟောင်၀ဇ်ဇာ အမြောက်များ အပါအ၀င်
MLRS အတွဲလိုက် ဒုံးပစ် စနစ်များ ၊
ရာပေါင်းများစွာ ရှိတဲ့ အမြောက် ၊ စိန်ပြောင်းများကို
စတင် တပ်ဆင် အဆင့်မြှင့်တင် လာပါတယ် ။
လက်နက်တွေဟာ  အစ္စရေး ၊ တရုတ် ၊ ရုရှား နဲ့
မြောက်ကိုရီးယား နိူင်ငံထုတ် လက်နက်တွေ
အဓိက ပါ၀င်တယ်လို့လဲ ဆိုပါတယ် ။

အမြောက်တပ်ဖွဲ့ ရဲ ့အောက်မှာ
ဒုံးတပ်ရင်းများ စတင်ဖွဲ့စည်းလာပြီး
ပြည်ပ စစ်လက်နက်ဆိုင်ရာ သတင်းရင်းမြစ် တစ်ချို့ရဲ ့အဆိုအရ
ယိုးဒယား - မြန်မာ နယ်စပ်တင်းမာမှု ပြသနာအပြီး
၂၀၀၃ နဲ့ ၂၀၀၄ ခုနှစ် ၀န်းကျင်လောက်မှာ
ဒီ ဒုံးတပ်ရင်းတွေဟာ တရုတ်နိူင်ငံ လုပ် M11 တာတိုပစ် ဒုံးပျံ တွေနဲ့
မြောက်ကိုရီးယားလုပ် Hwasong အမျိုးအစား စကဒ်ဒုံးပျံတွေကို
အများအပြား စတင် လက်ခံရရှိခဲ့တယ်လို့ ဆိုပါတယ် ။

တောင်ကိုရီးယား သတင်းဌာန ရဲ ့ ၂၀၀၆ ခုနှစ် သတင်းထုတ်ပြန်ချက်အရ တပ်မတော်အစိုးရဟာ ၂၀၀၂ ခုနှစ် မေလမှာ
Daewoo ကော်ပရေးရှင်း နဲ့ အမေရိကန်ဒေါ်လာ ၁၃၃.၈ သန်းတန်
ဒုံးပျံနည်းပညာဆိုင်ရာ စစ်လက်နက် ကန်ထရိုက်တစ်ခု ကို
လက်မှတ် ရေးထိုးခဲ့တယ်လို့လဲ သိရပါတယ် ။

၂၀၀၄ခုနှစ် နှောင်းပိုင်းမှာ
တရုတ်နိူင်ငံ ( CPMIEC ) ကနေ အဆင့်မြှင့်တင်ထားတဲ့
တာတိုပစ် ဒုံးပျံ M11 ( DF 11 A ) နဲ့
M9 ( DF 15 ) ( အရေအတွက် မသိရ ) တို့ကို လက်ခံရရှိခဲ့ပြီး
DF 11 A ဟာ 500kg  ဒုံးထိပ်ဖူးတစ်ခု နဲ့
ကီလိုမီတာ ၅၀၀ - ၇၀၀ အကွာအဝေးကို ပစ်ခတ်နိူင်ကာ
DF 15 ဟာ ကီလိုမီတာ ၆၀၀ အကွာကို ပစ်ခတ်နိူင်စွမ်း ရှိပါတယ် ။
ဒီ ဒုံးပျံတွေအားလုံးဟာ ယာဉ်တင် အမျိုးအစားတွေဖြစ်ပြီး
လွယ်ကူစွာ ရွှေ့ပြောင်း သယ်ယူနိူင်တာမို့
အချိန်တို အတွင်း တစ်နိူင်ငံလုံးမှာ
တပ်ဖြန့် နေရာချထားနိူင်တယ်လို့ ဆိုပါတယ် ။

၁၉၈၈ ခုနှစ် ၀န်းကျင်က မြန်မာ့တပ်မတော် ဟာ
လေကြောင်းရန်ကာကွယ်ရေး တပ်ဖွဲ ့ဆိုလို့
မင်္ဂလာဒုံ လေဆိပ် အနီးမှာ ထားရှိတဲ့ တပ်ခွဲတစ်ခွဲ သာ ပိုင်ဆိုင်ပါတယ် ။
ဒီ တပ်ခွဲဟာလဲ ၄၀ မမ ဘိုဖာ အမြောက်
၃.၇ မမ MK3A  ယာဉ်ဆွဲ လေယာဉ်ပစ် အမြောက် နဲ့
၂၀ မမ M 38 လေယာဉ်ပစ်အမြောက် အနည်းငယ်ကိုသာ ပိုင်ဆိုင်ပြီး
အနိမ့်ပျံလာတဲ့ လေယာဉ်တစ်ချို့ကိုသာ တိုက်ခိုက်နိူင်စွမ်း ရှိပါတယ် ။

သို့သော် လက်ရှိအချိန် နဲ့ ချိန်ထိုးနိူင်းယှဉ်ရင်တော့
၁၉၈၈ခုနှစ်က မြန်မာ့ တပ်မတော်ရဲ ့
လေကြောင်းရန်ကာကွယ်ရေး တပ်ခွဲလေး ဟာ
စစ်သမိုင်း ပြတိုက်ထဲကို ရောက်ရှိနေခဲ့ပါပြီ ။
လက်ရှိ တပ်မတော် လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့ဟာ
လေကြောင်းရန် ကာကွယ်ရေး အရာရှိချုပ်ရုံး ရဲ ့ကွပ်ကဲမှုအောက်မှာ
လေကြောင်းရန် ကာကွယ်ရေးဇုန်ကြီး ၆ခု ၊
လေကြောင်းရန် ကာကွယ်ရေးတပ်ရင်းပေါင်း ၃၀ ကျော် နဲ့ ဖွဲ့စည်းထားပါတယ် ။

တပ်မတော် အစိုးရ တက်လာပြီးတဲ့ နောက်ပိုင်း
ပထမဆုံး စတင်၀ယ်ယူခဲ့တဲ့ လေကြောင်းရန်ကာကွယ်ရေး လက်နက်ဟာ
စကာင်္ပူနိူင်ငံလုပ် Blood Hound MK 2 မြေပြင်မှ ဝေဟင်ပစ် ဒုံးတွေဖြစ်ပါတယ် ။
အဲဒီနောက် အမြောက်အများ ထပ်မံ၀ယ်ယူခဲ့တာကတော့
တရုတ်နိူင်ငံလုပ် HN 5A အနီအောက်ရောင်ခြည်သုံး …
ပုခုံးထမ်း ဒုံးပျံတွေ ဖြစ်ပါတယ် ။

ဒီ ဒုံးပျံတွေဟာ အနီအောက်ရောင်ခြည်သုံး
ပစ်မှတ်ရှာဖွေ စနစ် ပါ၀င်ပြီး
အမြင့်မီတာ ၃၀၀၀ ၊ အကွာအဝေး မီတာ ၃၀၀၀ အကွာကို
လူ နှစ်ဦးတည်းနဲ့ ပစ်ခတ်နိူင်စွမ်းရှိပါတယ် ။
၂၀၀၁ ခုနှစ် Janes ကာကွယ်ရေး စာစောင်ရဲ ့ဖော်ပြချက်အရ
မြန်မာ့ တပ်မတော်ဟာ ဘူလ်ဂေးရီးယား နိူင်ငံကနေ
SA-16 Gimlet ( Igla - 1E ) ပုခုံးထမ်း လေယာဉ်ပစ်ဒုံးတွေ
အများအပြား ၀ယ်ယူခဲ့တယ်လို့ဆိုပါတယ် ။
ဒီ ဒုံးပျံတွေဟာ အမေရိကန် နိူင်ငံလုပ် Stinger ပုခုံးထမ်း ဒုံးပျံတွေ နဲ့
အလားသဏ္ဍန်တူပြီး အမြင့်မီတာ ၃၅၀၀ က ပျံသန်းလာတဲ့ လေယာဉ်ကို
မီတာ ၅၂၀၀ အကွာအဝေးကနေ ပစ်ချနိူင်စွမ်း ရှိပါတယ် ။

၂၀၀၀ ခုနှစ် နောက်ပိုင်းမှာ ထပ်မံဖြည့်တင်းလာတာကတော့
ရုရှား နဲ့ အရှေ ့ဥရောပ နိူင်ငံတွေက
လေကြောင်းရန် ကာကွယ်ရေး လက်နက်တွေပဲ ဖြစ်ပါတယ် ။
ဒီလက်နက်တွေထဲမှာ ရေဒါနဲ့ ပစ်ခတ်နိူင်တဲ့
Tunguska ( SA – 19 ) လို လက်နက်တွေပါ၀င်လာပြီး
လက်ရှိ ရုရှား နဲ့ အရှေ့ဥပရောပ နိူင်ငံတွေမှာ ဖြန့်ချထားတဲ့
လေကြောင်းရန် ကာကွယ်ရေးလက်နက် အမျိုးအစားတွေ ဖြစ်ပါတယ် ။
၂၀၀၀ ခုနှစ် အတွင်းမှာပဲ ယူကရိန်း နိူင်ငံက
36 D6 လေကြောင်းရန် ကာကွယ်ရေး ရေဒါ စနစ်တွေ ရောက်ရှိလာခဲ့ပြီး
တစ်ချို ့သတင်းရင်းမြစ်တွေ ရဲ ့အဆိုအရတော့
မြန်မာနိူင်ငံမှာ ရုရှားလုပ် P 37 နဲ့1L – 117 ရေဒါ အမျိုးအစားတွေကို
တပ်ဆင်ထားပြီး ဖြစ်တယ်လို့သိရပါတယ် ။

၂၀၀၆ ခုနှစ် ဗိုလ်ချုပ်ကြီး မောင်အေး ရဲ ့ ရုရှား ချစ်ကြည်ရေး ခရီးစဉ်အပြီးမှာ
မြန်မာ့ တပ်မတော် ဟာ ရုရှား ရဲ ့လက်ရှိ အသုံးပြုနေတဲ့
SA – 15 ( Tor M1 ) နဲ့ SA – 17 ( BUK M1 – 2 ) လို
လက်နက်မျိုးတွေ စတင်ရရှိလာပါတယ် ။
ဒီလက်နက်တွေဟာ ခေတ်မီ တာဝေးပစ် အမြင့်ပျံ
လေကြောင်းရန် ကာကွယ်ရေးလက်နက် တွေ ဖြစ်ပြီး
SA – 17 ဟာ အမြင့်မီတာ ၁၅၀၀၀ ကနေ ပျံသန်းလာတဲ့ ပစ်မှတ်ကို
မီတာ ၃၀၀၀၀ အကွာကနေ ပစ်ချနိူင်စွမ်း ရှိပါတယ် ။

လက်ရှိ အခြေအနေမှာတော့
မြန်မာ့ တပ်မတော် လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့
ခေတ်မီ SAM ဒုံးပျံ တွေဖြစ်တဲ့
SA 2 ,SA 6 ,SA 15 ,SA 17 ,SA 18 , SA 19 , Pechora 2M လို
လက်နက်မျိုးတွေ အများအပြား ပိုင်ဆိုင်ထားပြီလို့သိရပါတယ် ။
ဒါဟာ အစီရင်ခံစာ တစ်ခုက ဖော်ပြခဲ့တဲ့
၁.၁၀.၁၉၆၆  ကနေ ၃၁ ၃.၁၉၆၉ အတွင်း
မြန်မာ့ လေပိုင်နက်ထဲကို
အမျိုးအမည်မသိ လေယာဉ် ၁၀၀ ကျော် ဖြတ်သန်း၀င်ရောက်ခဲ့မှုကို
လက်ပိုက်ကြည့်နေခဲ့ရတယ်ဆိုတဲ့ ဖြစ်ရပ်ရဲ့
အကျိုးဆက်တွေကြောင့်လဲ ဖြစ်နိူင်ပါတယ် ။

၁၉၈၈ ခုနှစ်မတိုင်မီက မြန်မာ့ ရေတပ်ဟာ
မြစ်တွင်း နဲ့ ကမ်းခြေစောင့် စစ်ရေယာဉ် အနည်းငယ်သာ ပိုင်ဆိုင်တဲ့
အင်အားသေးငယ်တဲ့ ရေတပ်တစ်ခု ဖြစ်ပါတယ် ။
ဒါပေမယ့် နောက်နှစ်အနည်းငယ် အကြာမှာတော့
အခြေအနေဟာ စတင်ပြီး ပြောင်းလဲပါတယ် ။

၁၉၉၀ ခုနှစ်မှာ တပ်မတော် ရေ ကို ပထမဆုံး ရောက်ရှိလာတာကတော့
ရေမိုင် ၃၀ အထိမောင်းနှင်နိူင်တဲ့
PB 90 အမျိုးအစား ကမ်းခြေစောင့် စစ်ရေယာဉ်
( UMS 424 ,UMS 425, UMS 426 ) တွေ ဖြစ်ပါတယ် ။
ဒုတိယ ထပ် ရောက်လာတာကတော့
၅၉ မီတာအရှည် Hainan အမျိုးအစား
Type 037 ရေငုပ်သင်္ဘောတိုက်ဖျက်ရေး စစ်ရေယာဉ် ဆယ်စီး ဖြစ်ပါတယ် ။
၁၉၉၁ ဇန်နဝါရီလမှာ ပထမ အသုတ် စစ်ရေယာဉ် ၆ စီးကို လက်ခံရရှိခဲ့ပြီး
၁၉၉၃ မေလ မှာ တော့ ဒုတိယအသုတ် စစ်ရေယာဉ် ၄ စီး
( UMS 441 – UMS 450 ) တို့ကို  လက်ခံ ရရှိခဲ့ပါတယ် ။

၁၉၉၄ ခုနှစ် မတ်လမှာ တပ်မတော် အစိုးရဟာ
၆၃ မီတာအရှည်ရှိတဲ့ Houxin အမျိုးအစား
ဒုံးပျံတင် အမြန်သွား စစ်ရေယာဉ် ၆ စီး
( UMS 471 – UMS 476 ) ကို ၀ယ်ယူဖို့
တရုတ်နိူင်ငံ နဲ့ စာချုပ်ချုပ်ဆိုခဲ့ပါတယ် ။
ဒီ သင်္ဘောတွေကို ၁၉၉၅ , ၁၉၉၆ နဲ့ ၁၉၉၇ ခုနှစ်တွေမှာ
တပ်မတော်ရေ က လက်ခံရရှိခဲ့ပြီး
တပ်မတော်ရေ ရဲ ့ပထမဆုံး
YJ -1 ( C 801 ) သင်္ဘောဖျက် ပဲ့ထိန်း ခရုစ် ဒုံးပျံတပ်ဆင်ထားတဲ့
စစ်သင်္ဘောတွေ ဖြစ်လာပါတယ် ။

၁၉၉၅ ခုနှစ်မှာတော့
တပ်မတော် ရေတပ်သဘောင်္ကျင်း နဲ့မြန်မာ့ သင်္ဘောကျင်း လုပ်ငန်းတွေဟာ …
တရုတ် နည်းပညာ အထောက်အပံ့တွေကို
အမြောက်အများ လက်ခံရရှိခဲ့တယ်လို့ဆိုပါတယ် ။
၁၉၉၀ ကနေ ၂၀၀၆ ခုနှစ် ကာလအတွင်း မှာတော့
တပ်မတော်ရေတပ် သင်္ဘောကျင်း ဟာ
၅၀မီတာ အရှည်ရှိတဲ့အမြန်ကင်းလှည့်ရေယာဉ် ၆စီး
( UMS 551 – UMS 556 ) ၊
ဒုံးပျံတင် အမြန်တိုက်ခိုက်ရေး ရေယာဉ် ၄စီး  ( UMS 557 – UMS 560 ) ၊
၂၇ ပေ အရှည်ရှိတဲ့ မြစ်တွင်း ကင်းလှည့်ရေယာဉ် ၁၄စီး
( ငမန်း ၁ - ငမန်း ၁၄ ) နဲ့
အခြားအထောက်အကူပြု စစ်ရေယာဉ် အများအပြားကို
တည်ဆောက် ထုတ်လုပ်ခဲ့တယ်လို့သိရပါတယ် ။

ရေတပ် သင်္ဘောကျင်း ရဲ့
အကြီးစား သင်္ဘောတည်ဆောက်ရေး ပရိုဂရမ်တွေဟာ
၂၀၀၀ ပြည့်နှစ်မှာ ...
အင်ပြည့်အားပြည့် စတင်ပါတယ် ။
၇၇ မီတာ အရှည်ရှိတဲ့ ကော်ဗက် စစ်ရေယာဉ်
( UMS 771 – UMS 773 ) သုံးစီးကို တည်ဆောက်ခဲ့ပြီး
၂၀၀၅ ခုနှစ် နောက်ပိုင်းမှာတော့
ဖရီးဂိတ် စစ်သင်္ဘောတွေကို
စတင်ထုတ်လုပ်နိူင်တဲ့ အဆင့်ကို ရောက်ရှိလာပါတယ် ။
လက်ရှိအနေအထားမှာတော့ တပ်မတော် ရေ ဟာ …
ဒုံးပျံတင် ဖရီးဂိတ် နဲ့ကောဗက် စစ်ရေယာဉ်များ ၊
အမြန်တိုက်ခိုက်ရေး ရေယာဉ်များ ၊
ကမ်းခြေစောင့် ကင်းလှည့် စစ်ရေယာဉ်များ ၊
ကမ်းတက်ရေယာဉ်များ ၊မိုင်းရှင်း ရေယာဉ်များနဲ့
သယ်ယူပို့ဆောင်ရေး ရေယာဉ် အမြောက်အများကို ပိုင်ဆိုင်တဲ့
ဒေသတွင်း ခေတ်မီ ရေတပ် တစ်ခု ဖြစ်နေပြီ ဖြစ်ပါတယ် ။

၁၉၉၀ ခုနှစ် မတိုင်မီ က မြန်မာ့လေတပ်ဟာ
၁၉၆၂ ခုနှစ် နဲ့ ၁၉၇၀ ခုနှစ် ၀န်းကျင်က ၀ယ်ယူခဲ့တဲ့
ဟောင်းနွမ်းနေတဲ့ လေယာဉ် နဲ့ ရဟတ်ယာဉ် မျိုးစုံ
၁၃၁ စီးလောက်သာ ပိုင်ဆိုင်ပါတယ် ။
လေတပ် ဟာ အရွယ်အစားသေးငယ် ဆင်းရဲ ပြီး
သယ်ယူပို့ဆောင်ရေး ၊ ထောက်ပံ့ရေး နဲ့
ကြည်းတပ်ရဲ ့စစ်ဆင်ရေး တစ်ချို့လောက်ကို သာ
အထောက်အကူပြုနိူင်တဲ့အနေအထား လဲ ဖြစ်ပါတယ် ။

၁၉၉၀ ပြည့်လွန်နှစ်တွေမှာ
လေတပ်ကို အဆင့်မြှင့်တင်ဖို့
ဘယ်လို စာချုပ်တွေ ချုပ်ဆိုခဲ့တယ်ဆိုတာ အတိအကျ မသိရပေမယ့်
၁၉၉၀ ဒီဇင်ဘာလ မှာပဲ တပ်မတော်လေ ဟာ
F7 2k ကြားဖြတ်တိုက်ခိုက်ရေး လေယာဉ် ၁၀ စီး ၊
GAIC FT – 7 Trainers လေယာဉ် ၂စီး ၊
PT 6  အမောင်းသင်လေယာဉ် အစီး ၃၀ ကို စတင် ရရှိခဲ့ပါတယ် ။

၁၉၉၁ ခုနှစ်မှာ ယူဂိုဆလားဗီးယားနိူင်ငံက
G4 Super Galab တိုက်လေယာဉ် တစ်အုပ် ထပ်မံ ရောက်ရှိလာပြီး
၁၉၉၃ ခုနှစ်မှာ F7 2K လေယာဉ် ၁၂ စီး ထပ်မံရောက်ရှိလာပါတယ် ။
၁၉၉၅ , ၁၉၉၇ နဲ့ ၁၉၉၉ ခုနှစ်တွေမှာ
တပ်မတော်လေ အနေနဲ့ ကြားဖြတ်တိုက်ခိုက်ရေး တိုက်လေယာဉ်အုပ်တွေ
အများအပြား ဖွဲ့စည်းထားနှင့် ပြီးပါပြီ ။

ပြည်ပ စစ်ဖက် သတင်းအရင်းအမြစ်တွေရဲ ့အဆိုအရ
တပ်မတော်လေ ရဲ ့ ပထမဆုံး ဗုံံးကြဲ တိုက်လေယာဉ် A5 တွေကို
၁၉၉၂ ခုနှစ်မှာ စတင် လက်ခံရရှိတယ်လို့ ဆိုပါတယ် ။
၈ နှစ်အတွင်းမှာ A5 ဗုံးကြဲ တိုက်လေယာဉ် ၃၆ စီးကို လက်ခံရရှိခဲ့ပြီး
၁၉၉၈ နဲ့ ၁၉၉၉ ခုနှစ်တွေမှာတော့
K8 အမောင်းသင် ဂျက်တိုက်လေယာဉ်တွေ
အများအပြား စတင်ရောက်ရှိလာပါတယ် ။

လေယာဉ်တွေ အများအပြား ရောက်ရှိလာပြီး
ကျွမ်းကျင် လေသူရဲတွေ အများအပြား
ရုတ်တရက်လိုအပ်လာတဲ့ ပြသနာကို ဖြေရှင်းနိူင်ဖို့
တပ်မတော် အစိုးရဟာ ...
၁၉၉၅ ခုနှစ် စစ်တက္ကသိုလ် လက်ခံပတ် တစ်ခုတည်းမှာတင်
လေသူရဲ ဗိုလ်လောင်း ၂၅၀ ကို သီးသန့် စတင်ခေါ်ယူခဲ့ပါတယ် ။
ဒီဗိုလ်လောင်းတွေဟာ စစ်တက္ကသိုလ် ဒုတိယနှစ်မှာတင်
လေယာဉ်မောင်း သင်တန်းကျောင်း အသီးသီးကို သွားရောက် သင်ကြားရပြီး
နောက်ဆုံးနှစ် ကျောင်းဆင်းခါနီး အချိန်မှသာ
စစ်တက္ကသိုလ်ကို လာရောက်ပူးပေါင်း ကျောင်းဆင်းခဲ့ပါတယ် ။
ကျောင်းဆင်းပြီးချိန်မှာတော့ ဒီအရာရှိတွေဟာ
တပ်မတော်လေ ရဲ့ အမာခံ လေသူရဲ အုပ်စုတွေ ဖြစ်နေ ပြီးပါပြီ ။
နောက်ထပ် စစ်တက္ကသိုလ် လက်ခံပတ်အချို့မှာလဲ
ဒီအစီအစဉ်အတိုင်း လေသူရဲ ဗိုလ်လောင်း အတော်များများကို
သီးသန့်ခေါ်ယူလေ့ကျင့် မွေးထုတ်ခဲ့တယ်လို့သိရပါတယ် ။

၁၉၉၀ ကနေ ၂၀၀၀ ခုနှစ်အတွင်း
တပ်မတော်လေ ရဲ ့ ဟောင်းနွမ်းနေတဲ့ ဖော်ကာလေယာဉ်များ နေရာမှာ
အစားထိုးဖို့စတင်ရောက်ရှိလာတာကတော့
SAC Y8 အမျိုးအစား သယ်ယူပို့ဆောင်ရေး လေယာဉ်တွေ ဖြစ်ပါတယ် ။
ပိုလန်နိူင်ငံက ၀ယ်ယူလိုက်တဲ့ PZL W3 Sokol အမျိုးအစား
ဘက်စုံသုံး ရဟတ်ယာဉ် ၁၃ စီး နဲ့
Mi 2 ရဟတ်ယာဉ် အစီး ၂၀ ကို လက်ခံရရှိပြီးတဲ့နောက်
ရုရှားနိူင်ငံလုပ် Mi 17 ရဟတ်ယာဉ် ၁၃ စီးလဲ
ထပ်မံ အားဖြည့် ရောက်ရှိလာပါတော့တယ် ။
၂၀၀၁ ခုနှစ် ယိုးဒယား နယ်စပ်ပြသနာ ဖြစ်ပြီးတဲ့နောက်
အလျှင်အမြန် ထပ်မံ ရောက်ရှိလာတာကတော့
ခေတ်မီ MiG 29 UB ဂျက်တိုက်လေယာဉ် ၁၂ စီး ပဲ ဖြစ်ပြီး …
၂၀၀၆ ခုနှစ် ဗိုလ်ချုပ်ကြီး မောင်အေး ရဲ ့ ရုရှား ခရီးစဉ်အပြီးမှာ
MiG 29 ဂျက်လေယာဉ်တွေ ထပ်မံရောက်ရှိလာခဲ့တယ်လို့လဲ ဆိုပါတယ် ။

ဆယ်စုနှစ် တစ်စု အတွင်းမှာပဲ
မကွေးလေယာဉ်ကွင်း ၊ ကော့သောင်း ၊ မြိတ် ၊ ထား၀ယ် နဲ့
မော်လမြိုင်မှာရှိတဲ့ လေယာဉ်ကွင်းတွေကို
အဆင့်မြှင့်တင် တိုးချဲ့တည်ဆောက်မှု များ
တောက်လျှောက်ပြုလုပ်ခဲ့ကြတာကို တွေ့ရပြီး
လေယာဉ်တည်ဆောက်ရေး နည်းပညာလဲ
စတင် ဖွံဖြိုးလာတာကို တွေ့ရှိရပါတယ်  ။

ပြည်ပ စစ်ဘက် နည်းပညာ သတင်းအရင်းအမြစ်တွေ ရဲ ့အဆိုအရ
၂၀၀၂ ခုနှစ် နဲ့ ၂၀၀၅ ခုနှစ်တွေမှာ
တပ်မတော် လေ ဟာ
အပေါ့စားလေယာဉ် တစ်စီးစီကို အောင်မြင်စွာ စမ်းသပ်တပ်ဆင်နိူင်ခဲ့ပြီး
၂၀၀၆ ခုနှစ်မှာတော့ STOL CH – 701 အမျိုးအစား
အပေါ့စားလေယာဉ် တစ်စီးကို
အောင်မြင်စွာ တပ်ဆင် …
ပျံသန်းနိူင်ခဲ့တယ်လို့သိရှိရပါတယ် ။

ခြေလျင်တပ်မများ အနေနဲ့ကတော့
၁၉၉၀ ခုနှစ်က ၂၀၀၀ ခုနှစ် အတွင်း မှာပဲ
တစ်နိူင်ငံလုံးမှာ ...
တိုက်ခိုက်ရေး ခြေမြန်တပ်မ ၂၅ ခုလောက်
အသစ် တိုးချဲ့ဖွင့်လှစ်ခဲ့တာကို တွေ့ရှိရပါတယ် ။
၁၉၈၈ ခုနှစ် မတိုင်ခင်က
တပ်မတော် ရဲ ့ အစွန်အဖျား အကျဆုံး တပ်ရင်းတွေဟာ
၂၀၀၀ ပြည့်နှစ် အရောက်မှာ
သူ့ထက် အစွန်အဖျားကျတဲ့ တပ်ရင်းပေါင်း ၅၀၀ လောက်
အသစ် တည်ဆောက်ထားတဲ့ အောက်မှာ
ပျောက်ကွယ်လို့နေ နေ ပါတယ် ။

မဟာဗျူဟာအရ သုံးသပ်ရမယ်ဆိုရင်
ဘယ် အစိုးရ အဆက်ဆက်ကမှ
အခိုင်အမာ ခြေမချနိူင်ခဲ့တဲ့
နယ်စပ်ဒေသ အမည်းရောင်နယ်မြေတွေ အားလုံးမှာ
တပ်မတော် ရဲ ့ အခိုင်အမာ တပ်ရင်းတွေ ရာနဲ့ချီပြီး …
တည်ဆောက် တပ်စွဲ နေရာယူခဲ့ပြီး
၂၀၀၀ ပြည့်နှစ် ၀န်းကျင်က စခဲ့တဲ့ ဒီတပ်ရင်းတွေဟာ ..
လက်ရှိ ၂၀၁၅ခုနှစ် ၁၅ နှစ်ကြာပြီးချိန်မှာ
အဲဒီဒေသတွေမှာ အသားကျနေတဲ့
တပ်ရင်းအဟောင်းတွေ  ဖြစ်ကုန်ပါတယ် ။

တပ်မတော် အနေနဲ့ သိသိသာမြှင့်တင်ခြင်းမရှိသေးတာကတော့
တပ်မတော် က စစ်သည်တွေ ရဲ ့ ….
ချပ်၀တ်တန်ဆာ ရိက္ခာ နဲ့
စစ်အသုံးအဆောင်တွေရဲ ့အရည်အသွေး ဖြစ်ပါတယ် ။

ဖြစ်နိူင်စရာ အကြောင်းရှိတာကတော့
တပ်မတော် အစိုးရအနေနဲ့
နောက်တက်လာမယ့် အရပ်သားအစိုးရ လက်ထက်မှာ
ခွင့်ပြုနိူင်ဖွယ်မရှိတဲ့ စစ်လက်နက် ပစ္စည်း ၀ယ်ယူဖြည့်တင်း မှုတွေ ၊
စစ်အင်အားတိုးချဲ့မှုတွေ ၊
တပ်အသစ်တည်ဆောက်မှုတွေကို ဦးစားပေးပြုလုပ်ခဲ့ပြီး
နိူင်ငံခြား နည်းပညာ မလို ၊ပြည်ပ ပိတ်ဆို့မှု ကို ထဲ့တွက်ဖို့မလို မလို ၊
ဘတ်ဂျက် အင်အားတောင့်တာ နဲ့
ချက်ချင်းထုတ်ပေးလို့ရတဲ့ ပစ္စည်းတွေ ဖြစ်တဲ့အတွက်ကြောင့်
စစ်သည်တွေ ရဲ ့ချပ်၀တ် တန်ဆာပလာ ရိက္ခာတွေကို
ဦးစားပေး မဆောင်ရွက်ခဲ့တာ ဖြစ်မယ်လို့ ယူဆရပါတယ် ။

ဒီကောက်ချက်ကို ပံ့ပိုးနေတဲ့အကြောင်းတစ်ခုကတော့
အရပ်အသားအစိုးရ တက်လာပြီးနောက်ပိုင်း ၂၀၁၂ ခုနှစ်မှာ
တပ်မတော် တစ်ခုလုံးကို အရည်အသွေးမြှင့် စစ်ဖိနပ်များ
စတင်လဲလှယ် ထုတ်ပေးခဲ့ပြီး
အအေးပိုင်းဒေသ တပ်များအတွက်
အရည်အသွေးမြင့် စစ်ဂျာကင်တွေ
စတင် ပြောင်းလဲ ထုတ်ပေးခဲ့တယ်လို့သိရပါတယ် ။

ရိက္ခာယူနစ် မှာလဲ
တီးမစ်များ ၊ ဘီယာဘူးများ ၊အာမီရမ် ပုံစံသစ်များ
စတင် ပါရှိလာခဲ့ပါတယ် ။
လက်ရှိ အခြေအနေမှာတော့
၂၀၁၆ မကုန်မီ တပ်မတော် တစ်ခုလုံး
ကျည်ကာ အကျီ င်္နဲ့ ဟဲလမက်များ …
လူစေ့တပ်ဆင်သွားမည်ဟု သိရပြီး
လက်ရှိ ထုတ်ပေးထားသော
ကျည်ကာအင်္ကျီတစ်ထည်၏ တန်ဖိုးမှာ …
၂ သိန်းကျပ် ဖြစ်ကြောင်း သိရှိရပါတယ် ။

စစ်သည်များ ၀တ်ဆင်မည့်
ပုံစံသစ် Equiment များ ကိုလဲ စမ်းသပ်လျက်ရှိပြီး
မကြာခင် စတင်ထုတ်လုပ် တပ်ဆင်တော့မည်ဟု သိရကြောင်း
၁၉၈၈-၂၀၁၀ ခုနှစ်အတွင်း
မြန်မာ့တပ်မတော်အား အဆင့်မြှင့်တင်မှုဆိုင်ရာ
အချက်အလက်များကို စုစည်းတင်ပြလိုက်ရပါတယ် ။


ရေးသားသူ - နေရီ ( ရဲမိုး )

(စင်္ကာပူ နိူင်ငံ
INSTITUTE OF SOUTHEAST ASIAN STUDIES မှ
ပုံနှိပ်ထုတ်ဝေသည့်
Building the Tatmadaw ၊ Myanmar Armed forces Since 1948  ၊
By MAUNG AUNG MYOE ၏ ကျမ်းပြု စာတမ်း နှင့်
ပြည်ပ ကာကွယ်ရေး websites များ၊
ကာကွယ်ရေးဆိုင်ရာ စာစောင်များမှ
အချက်အလက်များအား မှီငြမ်းကိုးကားပါသည် ။

Comments

Popular posts from this blog

မြန်မာ eBook များ

Standard Army ဆိုင်ရာ....

ဘုရားသခင်ပြန်လာပြီလား ( Is God back ? )