CIVIL တစ်ယောက်ကွန်ပြူတာတစ်လုံး ဘယ်လိုရွေး၀ယ်မလဲ



အကြောင်းရာ ၂ ပိုင်းခွဲပြီးပြောပါမယ်။ ပထမတစ်ပိုင်းက ဘာကြောင့် CIVIL တွေ ကွန်ပြူတာလိုရတာလည်းဆိုတာရယ် ဒုတိယတစ်ပိုင်းက ကွန်ပြူတာရွေးချယ်စရာအမျိုးစားတွေအကြောင်းပါ။

WHY CIVIL NEED COMPUTER ?

ပထမဆုံးက စာစီဖို့ပါ။ ဟုတ်ပါတယ် ။ ကျတော်စာရေးရင် ဘယ်တုန်းကမှ ဖုန်းနဲ့မရိုက်ပါဘူး။ ကွန်ပြူတာနဲ့ပဲ စာရိုက်ပါတယ်။ TABLET နဲ့ရိုက်တယ်ပြောပြော တကယ်တန်း ကွန်ပြူတာနဲ့စာရိုက်တာလောက် ဘယ်ဟာမှအဆင်မပြေပါ။ ကျတော်က စာရေးနေတဲ့သူမို့လို့လိုမှာဘဲ ငါတို့ကျတော့မလိုဘူး လို့မတွေးပါနဲ့။ CIVIL ကျောင်းသားတွေဆိုရင် စတုထ္ထနှစ်မှာ Project လုပ်ရပါတယ်။ ဒီအတွက်စာစီရပါတယ်။ သူငယ်ချင်းတွေက ကွန်ပြူတာရှိအုံးတော့ ။ ကိုယ့်ဟာကိုယ်မဟုတ်ရင်အဆင်မပြေပါ။ ပထမနှစ်ကနေ တတိယနှစ်ထိက ဘာကွန်ပြူတာမှမလိုပါဘူး။ ဘာ autocad သင်တန်းမှလည်းတက်စရာမလိုဘူး။ ဒါပေမဲ့ 4 year ရောက်ပြီဆိုရင်တော့ စာစီစာရိုက်ဖို့အတွက် presentation လုပ်ဖို့အတွက် microsoft office တွေ ကျွမ်းကျင်ရပါတော့မယ်။

ဒါက ကျောင်းသားဘ၀ကနေစလိုက်တဲ့အခြေခံပါ။ အလုပ်ခွင်ထဲရောက်ပြီဆိုရင်လည်း သေချာပေါက် တောက်လျှောက်ကို ကွန်ပြူတာသုံးပြီးစာစီရပါပြီ။ Estimate တွက်တဲ့နေရာမှာပါပဲ excel သုံးပြီး sheet တွေအများကြီးထုတ်ရတယ်။ PE  RSE report တွေမှာလည်း ကိုယ်ဘာတွေလုပ်ခဲ့လည်းဆိုတာ အင်္ဂလိပ်လို presentation ကောင်းကောင်းနဲ့မှတ်တမ်းတွေရေးရတယ်။ အလုပ်လျှောက်တဲ့နေရာမှာလည်း ကိုယ့်ရဲ့ profile ထဲမှာ ကိုယ်လုပ်ခဲ့ဖူးတဲ့အရာ ကိုယ်တာ၀န်ယူဖူးတဲ့အရာတွေကို အလုပ်ခန့်မဲ့သူ သိအောင်လိုရင်းတိုရှင်း form ထဲမှာ ရေးပြရတယ်။ နိုင်ငံခြားကို ကျောင်းသွားတက်မယ်ထားဦးတော့။ ကိုယ်ဘာလို့တက်ချင်တာလည်းဆိုတာကို အင်္ဂလိပ်လို စာစီစာကုန်းရေးရတယ်။ PE မြန်မြန်ရတာ RSE မြန်မြန်ရတာဆိုတာ ကိုယ့်ရဲ့ presentation skill တွေ စာရေးနိုင်တဲ့ skill တွေ ကိုယ်လုပ်ခဲ့ဖူးတဲ့အလုပ်ကို မှတ်တမ်းတင်နိုင်တဲ့ skill တွေပေါ်မှာလည်း အများကြီးမူတည်တယ်။

ဒီအလုပ်တွေက ကွန်ပြူတာမှမရှိရင် အဆင်မပြေပါဘူး။ ကွန်ပြူတာရှိရင်တောင် microsoft office မသုံးတတ်ရင် အဆင်မပြေဘူး။

-------------------------------

ဒုတိယတစ်ခုက data တွေသိမ်းဖို့ပါ။ ဟုတ်ပါတယ် ။ ကျတော်တို့လုပ်ခဲ့တဲ့ လုပ်ငန်းနဲ့ပတ်သပ်သမျှ မှတ်တမ်းတွေအကုန်လုံးကို ထားရှိရပါတယ် ။ တချိန်ချိန်မှာ ကိုယ့်ကို interview မေးလာရင် report တွေ တောင်းလာရင် ကိုယ်လုပ်ခဲ့တဲ့ လုပ်ငန်းခွင်ထဲမှာရိုက်ထားတဲ့ ကိုယ့်ရဲ့ လူပုံကို  presentation ထဲ ပုံတွေထည့်ပြီးပြနိုင်ရင် လူတွေရဲ့ စိတ်၀င်စားခြင်းကို ခံရတာပေါ့။ ဖုန်းနဲ့ ဓါတ်ပုံတွေသိမ်းထားလို့ရတာမှန်ပါတယ်။ ဒါပေမဲ့ ကွန်ပြူတာလောက် ဘယ်ဟာမှအဆင်မပြေပါ။ စာအုပ်တွေသိမ်းတာ စာရွက်စာတမ်းတွေသိမ်းတာ ကိုယ်ကြိုက်တဲ့သီချင်းလေးတွေ ဇာတ်ကားလေးတွေသိမ်းဖို့ ကွန်ပြူတာလိုပါတယ်။ ကျတော်ကတော့ ကွန်ပြူတာထက် external hardisk ထဲမှာ သိမ်းတာပိုသဘောကျတယ်။

ဒီအလုပ်တွေလုပ်ဖို့ 4th year ကနေစပြီး ကွန်ပြူတာလိုအပ်ပါပြီ။ ဒါပေမဲ့ အိမ်က၀ယ်ပေးလိုက်ပါရဲ့ ဒီအတိုင်းမနေပါနဲ့။ autoCad နဲ့ microsoft office ကို ကွန်ပြူတာရတာနဲ့ တပြိုင်ထဲလေ့လာပါ။ လူတော်တော်များများမှာ ကိုယ်က တကယ်ဘာမှမတတ်ပဲ သင်တန်းတစ်ခါ တတ်ပြီးတိုင်း ကိုယ့်ကိုယ်ကို တက်သွားပြီထင်တဲ့ ခပ်ကြောင်ကြောင် လူတွေရှိပါတယ်။ အဲ့ထဲကိုယ်မပါစေနဲ့။ ကွန်ပြူတာဆိုင်မှာ စာအုပ်၀ယ်ပြီး အသေးစိတ်လေ့လာပါ။ သင်တန်းက ပြည့်စုံအောင်သင်ပေးလိုက်မှာမဟုတ်ဘူး။

---------------------------------

တတိယတစ်ခုက AutoCad ဆွဲဖို့ပါ။ ဘယ် civil သမားမှ Cad Software တွေနဲ့ကင်းကွာလို့မရပါဘူး။ AutoCad 2017 - 2018 စတဲ့ version အမြင့်တွေသုံးဖို့ဆိုပြီး စျေးကြီးတဲ့စက်တွေ သွားမေးနေမနေပါနဲ့ ။ ကျတော့်စီနီယာတွေအကုန်လုံး AutoCad 2010 , 2012 တွေနဲ့ မြန်မာပြည်မှာ project ပေါင်း သိန်းနဲ့ချီဆွဲခဲ့ပြီးပါပြီ ။ အခုထိလည်း ဘယ်လောက်ကောင်းတာပေါ်ပေါ် အဟောင်းနဲ့အဆင်ပြေနေတုန်းပါ။ version အမြင့်တွေက hardware လိုအပ်ချက်များတယ်။ Revit ဆိုရင်တော့ စက်လိုအပ်ချက်က နဲနဲများပါတယ် ။ ဒါပေမဲ့ အဲ့လောက်ကြီးလည်းမဟုတ်ပါဘူး ။ ဒီအကြောင်းကို အောက်ပိုင်းမှာ အသေးစိတ်ရှင်းပြပါမယ်။

------------------------------------

စတုတ္ထအကြောင်းရင်းတစ်ခုက etabs, safe စတဲ့ computer analysis software တွေသုံးဖို့ပါ။ ဒါအတွက်ဆိုရင် ပိုလို့တောင်မလိုသေး။

ကိုယ့်ကိုသူများအလုပ်လာအပ်တယ်ဆိုပါတော့ ။ etabs ထဲမှာ material တွေ import လုပ်မယ်၊ model ဆွဲမယ်၊ Load တွေ Assign လုပ်မယ် ဒီအတွက် ပုံမှန်လုပ်နေကျလူဆိုရင် အချိန် အနည်းဆုံး ၂ နာရီတော့ပေးရတယ်။ တခါမှားသွားပြီဆိုရင်တော့ ချလပတ်ရမ်းပြီး ၅ နာရီလောက်ထိ ကြာပါတယ်။ အခုမှစလုပ်တဲ့လူဆိုရင်တော့ တစ်ရက်တောင်မပြီးဘူး။ ဒီအဆင့်တွေထိက computer performance တွေနဲ့မဆိုင်သေးဘူး။

အားလုံးပြီးသွားပြီ နောက်ဆုံးအဆင့် ကွန်ပြူတာကိုခိုင်းပြီး Run ပြီဆိုတဲ့အချိန်ကျတော့ ကွာသွားပါပြီ။ Performance မြင့်တဲ့စက်ဆိုရင် ၁၀ စက္ကန့်၀န်းကျင်ကြာပြီးတော့ နိမ့်တဲ့စက်ဆိုရင် စက္ကန့် ၂၀ လောက်ကြာပါတယ်။ ၁၀ စက္ကန့်ကွာပါတယ်။  ဒီလောက် ၁၀ စက္ကန့်ဆိုတဲ့ပမာဏလေးမြန်ဖို့အတွက် ပိုက်ဆံ သိန်းနဲ့ချီ အကုန်ကျခံမှာတော့မှာလား။ တကယ်တန်း ကိုယ့်မှာ အချိန်ကိုချွေတာချင်ရင် ကိုယ့်ရဲ့ skill ကိုပဲ ထပ်ခါထပ်ခါလေ့ကျင့်ပြီး ၅ နာရီနဲ့ပြီးမဲ့အလုပ်ကို မိနစ် ၃၀ နဲ့ပြီးအောင်လုပ်မှာပေါ့။ AutoCad လို software ဆိုရင် ကွာလို့ကွာမှန်းတောင်သိလိုက်မှာမဟုတ်ဘူး။ ၂၀၀၀ ပြည့်နှစ်တွေတုန်းက ကမ္ဘာ့အမြင့်ဆုံး တိုက်တွေကို Run ခဲ့တဲ့ စက်တွေက အခုချိန်မှာ ၃ သိန်း ၄ သိန်းတန်လောက်ပဲရှိတယ်။

ကျတော်သာဆိုရင် အဲ့ကုန်မဲ့ပိုက်ဆံကို အင်ဂျင်နီယာစာအုပ်ပဲ ၀ယ်လိုက်တော့မယ် ။ တစ်သိန်းဖို့ဆိုရင် တော်တော်လေးရနေပြီ။ စျေးကြီးတာ ၀ယ်ချင်တိုင်း ပိုက်ဆံပြည့်အောင်စောင့် ။ ဒီလိုနဲ့ သူများတွေ စောစော၀ယ်ပြီး လေ့ကျင့်နေကြတာ ကိုယ့်ကို ကျော်တတ်သွားလိမ့်မယ်။ ကျတော်ကိုယ်တိုင် i3 စက်ကော် i7 စက်ကော် နှစ်ခုလုံးသုံးပြီး etabs နဲ့ အိမ်ပေါင်း ဆယ်နဲ့ချီ run ခဲ့ပြီးပါပြီ ။ အရမ်းကြီး ကွာခြားတယ်လို့မခံစားရဘူး ။ အပေါ်ကပြောခဲ့တဲ့ ၁၀ စက္ကန့် ခေါက်ချိုးကွာတယ်ဆိုတာ အကြမ်းဖျင်းလောက်ပဲပြောတာပါ။ ဘယ် ၁၀ သိန်းအောက် labtop မှ performance ခေါက်ချိုးမကွာဘူး။ computer ကုမဏီတွေကတော့ On the paper ပြောပါလိမ့်မယ်။ ဒါပေမဲ့ တကယ်လက်တွေ့ လုပ်နေသူအတွက်တော့ တကယ့်ကို လုံး၀မသိသာတာပါ။

window ကတော့ ပြောမနေပါနဲ့ ။ ကျတော့ညီမရဲ့ နောက်ဆုံးပေါ်တဲ့ 7 generation CPU သုံးထားတဲ့ i7 labtop တောင် ၀ယ်တာမကြာသေးဘူး လေးနေတာပဲ။ i7 သုံးနေတဲ့လူတိုင်းကို မေးကြည့်ပါ။ စက်လေးဖူးလားလို့ ....

ဒါကတော့ အကြမ်းဖျင်းပါ... Hardware အကြောင်းထက်ရေးပေးပါမယ်

*****************************

ကွန်ပြူတာတစ်လုံး စက်စွမ်းဆောင်ရည်မြင့်ဖို့ဆိုရင် ပစ္စည်း ၄ ခုက တပြိုင်ထဲ အလုပ်လုပ်ရပါတယ်။

CPU+Graphic Card+Memory+Hardisk

CPU ကတော့ ကျတော်တို့ပြောပြောနေတဲ့ i3 i5 i7 ပါ။ သူ့မှာ generation တွေ လိုက်ပြီးစွမ်းဆောင်ရည်လည်းကွာသွားပါတယ်။ ပုံမှန်အားဖြင့် တစ်နှစ် နှစ်နှစ်လောက်ဆိုရင် generation အသစ်တခု ကြေညာလေ့ရှိတယ်။ အခုလက်ရှိရောက်နေတာက 7 generation CPU ပါ။ Kaby Lake လို့ခေါ်ပါတယ်။ သူ့ရှေ့က အကိုကြီးကတော့ sky lake 6th generation ပါ။

i3 ချင်းတူရင်တောင် kaby lake က sky lake ထက်မြန်ပါတယ်။ ဒါပေမဲ့ စာထဲမှာအဲ့လိုရေးထားပေမဲ့ ကျတော်သုံးနေကြ software အရတော့ ဘာမှထူးခြားတယ်လို့ကိုမမြင်ဘူး။ laptob ၀ယ်ရင် cpu no. ကိုကြည့်ပါ။ 6 ထောင်ဆိုရင် 6th gem ကိုပြောတာဖြစ်ပြီး  7 ထောင်ဆိုရင် 7th gem ပါ။ ၄ ထောင်ဆိုရင်တော့ 4th gem ပေါ့။ အခုလာတဲ့ laptob အသစ်တွေအကုန်လုံးက 7th gem တွေပါ။ 6th gem တွေအကုန်လုံးက စျေးကျကုန်ပြီ ။ သူများညာရောင်းမှာစိုးလို့ပြောတာ။

ကျတော့အမြင်ကတော့ laptop ဆိုရင် i3 ဖြစ်ဖြစ် i7 ဖြစ်ဖြစ် သိပ်မထူးခြားပါဘူး။ performance ကောင်းကောင်းလိုချင်ရင် laptop မယူပဲ desktop ယူပါ။ desktop ရဲ့ i3 က laptob ရဲ့   i7 ထက်ကို အများကြီးပိုမြန်ပါတယ်။ i7 ချင်းတူမှာစိုးလို့ပါ။

----------------

Graphic Card

game ဆော့တာ၊ ပုံတွေကို သဘာ၀ကျအောင် rendering လုပ်တဲ့နေရာတွေမှာ graphic card လိုပါတယ်။ laptop တွေမှာတော့ အသုံးများတာက  Intel graphic card တွေပါ။ Nvidia Card တွေကတော့ စျေးကြီးတယ်။ ကျတော့ desktop ဆိုရင် Nvidia GTX 1050Ti ပါ။ graphic card only ပဲကို ၂ သိန်းကျော်တယ်။ ဒါလည်း ဘာမှမဟုတ်ပါဘူး ။ ကိုယ့်ဟာကိုယ် ဂိမ်းဆော့ချင်လို့၀ယ်လိုက်တာ။ ဒါထည့်လိုက်လို့ စက်ကဘာမှထူးမခြားလာဘူး။ ဂိမ်းအတွက်ဆိုရင်တော့ တော်တော်လေးကောင်းတယ်။

ပုံမှန်ဆို ၅ သိန်း ၆ သိန်းကျော်ကနေစပြီး laptop တွေမှာ graphic card တွေပါလာကြာပါပြီ။ စွမ်းဆောင်ရည် အသင့်အသင့်ပေါ့။

------------

Memory

computer RAM ကိုပြောတာပါ။ ကွန်ပြူတာတစ်ခုထဲမှာ software တွေအများကြီး တခါထဲဖွင့်ထားချင်တယ်ဆိုရင် RAM များများလိုပါတယ်။  laptop တွေမှာတော့ အများဆုံးပါကြတာက 4 GB ပါ။ တကယ်တန်းကျတော့မလောက်ပါဘူး။ Revit ဆွဲတာ စက်ကလေးနေတယ်ဆိုရင် RAM ကို 4 GB တစ်ချောင်းထက်စိုက်လိုက်ပါ။ RAM 8 GB ဆိုရင်တော့ စက်က နဲနဲအသက်ရူချောင်သွားတာပေါ့။ 12 GB ထိ တိုးလို့ရပါတယ်။ 4 GB တစ်ချောင်းအသစ်စိုက်မယ်ဆိုရင် ၄ သောင်းလောက်ပဲကုန်မှာပါ။ ကိုယ်သုံးတဲ့ software မှာ component များများလိုတယ်ဆိုရင်တော့ RAM ကို တိုးသင့်ပါတယ်။ ဆိုင်မှာပြောပြီးတိုးခိုင်းလိုက်ပါ။ စက်က သိသိသာသာပိုမမြန်လာပေမဲ့ စိတ်ချလက်ချ အလုပ်တွေ တပြိုင်ထဲ လုပ်လို့ရသွားတာပေါ့။ စက်လေးတိုင်းအသစ်၀ယ်စရာမလိုဘူး။

------------

Hardisk

Hardisk ကအရေးပါဆုံးပဲ။ laptop တွေမှာ 500 GB 1000GB စသဖြင့်ပါကြတယ်။ ကွန်ပြူတာတွေ CPU အသစ်တွေနဲ့ပြောင်းသွားကြသော်လည်း HD က မမြန်ရင် လေးနေမြဲ လေးနေစဲ ပါပဲ။ ကွန်ပြူတာကိုမြန်အောင်လုပ်နိုင်တာတစ်နည်းပဲရှိပါတယ်။ HD ကိုဖြုတ်ပြီး SSD ပြောင်းထည့်ပါ။ SSD က 128 GB ကို တစ်သိန်းကျော်ရှိတယ်။ သူ့ကို ထည့်ရင်တော့ Data တွေ စက်ထဲမှာ အများကြီးသိမ်းထားလို့ရတော့မှာမဟုတ်ဘူး။ ဒါပေမဲ့ သူ့ကို ပြောင်းထည့်လိုက်ချင်းအားဖြင့် စက်က ဘယ်လောက်တောင် မြန်သွားမလည်းဆိုရင် စက်ဖွင့်ရင်တောင်  အဝိုင်းလေးလည်နေတာကို ကောင်းကောင်းမြင်လိုက်ရမှာကိုမဟုတ်ဘူး။

---------------------

ဘယ်အမျိုးစား၀ယ်ရမလည်းဆိုတာပြောပါမယ်။

ကိုယ်လိုချင်တဲ့ brand ကိုသာ၀ယ်လိုက်ပါ။ အကုန်လုံးက ပေးလိုက်တဲ့စျေးနုန်းနဲ့တော့ တူညီတဲ့ စွမ်းဆောင်ရည်တွေပါပဲ ။ သုံးထားတဲ့ body frame ပေါ်မူတည်ပြီးတော့ ၄ သောင်း၀န်းကျင်လောက်တော့ စျေးကွာကြမှာပေါ့။ သံဖရိန်တွေဆိုရင် ကိုင်ရတာကောင်းတယ်။

လူတော်တော်များများက DELL ဆိုရင် အကြမ်းခံတယ်လိုပြောပါတယ်။ ဒါပေမဲ့ ကျတော့်အနေနဲ့ကတော့ အကုန်လုံးတူတူပါပဲ။ ဘယ်လောက် အကြမ်းခံတယ်ပြောပြော ။ ဖင်တက်ထိုင်လို့မရပါဘူး။

----------------

စျေးနုန်း

နောက်ဆုံးထွက် 7th generation Kabylake CPU တွေဖြစ်တဲ့ Pentium , i3 i5 i7 laptop တွေက စျေးနုန်းအားဖြင့် ၂ သိန်းစီကွာသွားပါတယ်။

အခုက ဒေါ်လာစျေးတွေတက်နေတော့ ကွန်ပြူတာတွေပါ စျေးတက်ကုန်တာ

သာမှန် Civil တစ်ယောက်ကတော့ AutoCad,Sketchup,Revit,Etabs သုံးချင်ကြမှာပဲ...

ဒါတွေအားလုံးသုံးနိုင်ဖို့ဆိုရင် i3 ငါးသိန်း၀န်းကျင်နဲ့ i5 ၇ သိန်း၀န်းကျင်လောက်ဆိုရင် သင့်တော်ပါပြီ ...

ငွေအများကြီးမသုံးချင်ဘူးဆိုရင်လည်း i3 လောက်ပဲ၀ယ်ပြီး RAM ကို ၄ သောင်းအကုန်ကျခံပြီး 8GB ဖြစ်အောင် 4 GB တစ်ချောင်းစိုက်လိုက်ပါ.။ Revit ဆွဲတဲ့နေရာမှာအဆင်ပြေပါတယ်။ 4GB နဲ့လောက်ကျတော့ စက်က အသက်ရူကြပ်ပြီး လေးနေမှာ ။

AutoCad 2012, Sketchup , Etabs ပဲသုံးမှာ Revit မလိုသေးဘူးဆိုရင်တော့ Kabylake pentium ကိုသုံးပါ ... သူက ၄ သိန်းလောက်ပဲရှိမယ် ။ ဒါပေမဲ့ နောက်ဆုံးထွက်တာဖြစ်တဲ့အတွက် အရင် သူ့အကို 6th gen ရဲ့   i3 လောက်ကို speed ရှိပါတယ်

စာစီစာရိုက်လောက်ဆိုရင်တော့ စက်တိုင်းသုံးလို့ရပါတယ်။

ကျတော့်အနေနဲ့ i7 laptop ကို အားမပေးဘူးဆိုတာ သူက ဆယ်သိန်းလောက်ပေးရပြီး ဘာမှ ပိုပြီးထူးမလာလို့ပါ။ ဒါပေမဲ့ ကိုယ့်မှာ i7 ၀ယ်ဖို့လောက်ထိ နိုင်တယ်ဆိုရင် ကျတော်အကြံပေးချင်တာက window မ၀ယ်ပါနဲ့ apple က ထုတ်တဲ့ Macbook Air 2017 ၀ယ်ပါ ... ၁၂ သိန်းလောက်ရှိပါတယ်။

သူရဲ့ စွမ်းဆောင်ရည်က laptop တန်းမှာတော့  window နဲ့ တခြားစီပါ။ ဆီနဲ့ရေလိုကွာပါတယ်။ ဘက်ထရီဆိုလည်း အပြည့်သွင်းထားရင် 12 နာရီလောက် ဆက်တိုက်သုံးလို့ရတယ်။ အလွန်ဆုံးလျှော့ရင် ၁၀ နာရီပေါ့။ ကျတော်တို့သင်တန်းသွားတိုင်း အားသွင်းကြိုးကြီး စွတ်နေရတဲ့ ဒုက္ခသူ့မှာမရှိတော့ဘူး။ ပေါ့ပြီးပါးတာမှ စာအုပ်တစ်အုပ်စာတောင်မရှိပါဘူး။ အထူကလည်း ဖုန်းလောက်ပဲရှိမယ်။ ကိုင်ရတာလည်းစတိုင်ကျတယ်။ autocad ဆွဲရတာလည်း mac မှာဆွဲပြီးရင် window ကို လည့်မကြည့်ချင်တော့ဘူး။ screen ကစ တခြားစီပါ။

----------------------

ကျတော်က ဟိုဟာ၀ယ်ဒီဟာ၀ယ်လို့မပြောတာဟာ ၀ယ်ပြိးစက်လေးနေရင် ကျတော့်တာ၀န်ဖြစ်သွားမှာစိုးလို့ပါ။ ဒါပေမဲ့ တခုသိရမှာက စက်လေးတာ မလေးတာဆိုတာ ကိုယ်သွင်းထားတဲ့ဟာတွေ ထည့်ထားတဲ့ data တွေ virus တွေ file အပျက်တွေနဲ့သာဆိုင်ပါတယ်။ ဒါတွေကိုလည်း software သုံးပြီး ရှင်းလို့ရတယ်။ Ccleaner ပါ။

-------------

နောက်ဆုံးနိဂုံးချုပ်ပြောချင်တာက 7th gen CPU ကိုသေချာရွေး၀ယ်ပါ ။

Laptop ၀ယ်ပြီဆိုကတည်းက portable ဖြစ်ဖို့အဓိကပါ performance ကိုတော့ ကိုယ်ထင်သလောက် မှန်းလို့ရမှာမဟုတ်ဘူး။

ကိုယ်နိုင်တဲ့၀န်ကိုပဲထမ်းပါ။

စက်ကို အမြဲတန်း cleaning လုပ်ပါ ...

အားလုံးပဲ အဆင်ပြေစွာ ရွေး၀ယ်နိုင်ကြပါစေ ...

Aung Hla Min Naing

Comments

Popular posts from this blog

မြန်မာ eBook များ

Standard Army ဆိုင်ရာ....

ဘုရားသခင်ပြန်လာပြီလား ( Is God back ? )