အာဏာကို လေ့လာခြင်း ရက်သတ္တပတ်


(ခရစ်ရှနာမူရတီ- ဘဝစာအုပ်)

ဇန်နဝါရီလ ၁၅ ရက်နေ့ - ဖြိုခွဲရန် တည်ဆောက်ခြင်း

လွတ်မြောက်ဖို့ အာဏာကို ဆန်းစစ်ရမယ်။ အာဏာရဲ့ ကြိုးဆွဲရာတွေကို တစ်ချောင်းစီ ဆွဲထုတ်နိုင် ရမယ်။ ဒီ ညစ်ညမ်းမှုကြီးကို တစ်စစီ ဆွဲဖြဲပစ်ရလိမ့်မယ်။ ဆိုတော့.. ဒါဟာ စွမ်းအင် လိုအပ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ခွန်အား လိုအပ်သလို စိတ်ပိုင်း ဆိုင်ရာ ခွန်အားလည်း လိုအပ်ပါတယ်။

သို့သော် စွမ်းအင် (ဝါ) ခွန်အားဟာ ဖျက်ဆီးခံထားရတယ်။ ဦးနှောက်တွင်း ပဋိပက္ခတွေမှာ အသုံးချခံ နေရ တယ်။ ဒီတော့ ပဋိပက္ခကို ထပ်နားလည် ရတော့မယ်။ ပဋိပက္ခနဲ့ ဝိဝါဒတွေကို သေချာ နားလည် လာတဲ့အခါ ကျမှ မသင့်မြတ်မှုတွေ ကျဆုံးလိမ့်မယ်။ ဒီတော့မှ အသုံးချခံထားရတဲ့ စွမ်းအင်တွေ နေရာ ရလာမယ်။

ဒီကနေ ရှေ့ထပ်ဆက်ရလိမ့်မယ်။ ရာစုနဲ့ ချီနေအောင် ကိုယ်တိုင် ခက်ခက်ခဲခဲ တည်ဆောက် လာခဲ့တဲ့ ဘာတစ်ခုမှ အဓိပ္ပာယ် မရှိသော အိမ်ခြံကို အင်နဲ့ အားနဲ့ စတင် ရိုက်ချိုးရလိမ့်မယ်။

အဲ့ဒါသည် ဖြိုခွဲဖို့ တည်ဆောက်ရခြင်း ဖြစ်တယ်။ ဟုတ်ပါတယ်။ ကျုပ်တို့ဟာ အိမ်ကို ဖြိုချရလိမ့်မယ်။ အိမ်ခြံဆိုတာမှာ အဆောက်အအုံ ပြောတာ မဟုတ်။ လူမှုဆက်ဆံရေးတွေကို ပြောနေတာ မဟုတ်။ စီးပွားရေး ယန္တယားကို ပြောနေတာမဟုတ်။

ဒီ အိမ်ခြံဟာ နေ့စဉ် ကျုပ်တို့ ထိတွေ့နေရတဲ့ စိတ်ပိုင်းဆိုင်ရာ... သိသိ မသိသိ ဖြစ်ပေါ်နေတဲ့ ခုခံမှုတွေကို ပြောခြင်း ဖြစ်တယ်။ ကိုယ် လုံခြုံ ချင်လို့ တည်ဆောက်ထား ခဲ့မိတဲ့ ယုတ္တိအရ... ပုဂ္ဂလ အရ... နက်နက်ရှိုင်းရှိုင်း နဲ့ အယူအစွဲတွေ ဖြစ်နေတဲ့ ဘောင်၊ အဆီးအတား တွေ ဖြစ်ပါ တယ်။

ဒါတွေကို ကာကွယ်နိုင်ခြင်း မရှိတော့တဲ့အထိ ဆွဲခွာ ပစ်ရလိမ့်မယ်။ ဘာလို့ဆို မေတ္တာထားဖို့နဲ့ ကြင်နာတတ်ဖို့ မိမိဟာ ခုခံခြင်း ကင်းမဲ့ နေရလိမ့်မယ်။ ဒီတော့မှ ပြင်းပြတဲ့ ဆန္ဒ အကြောင်းတွေ... အာဏာရဲ့ သဘော သဘာဝ တွေ။ ဘယ်အလွှာမှာ အာဏာဟာ ဖွင့်ရပြီး ဘယ်အလွှာမှာ အာဏာဟာ မလိုအပ်ကြောင်း စသဖြင့် သိလာလိမ့်မယ်။

ဒီတော့မှ သင်ယူခြင်းမှာ အာဏာတွေ ပျောက်ကွယ်မယ်။ အသိပညာတွေမှာ အာဏာတွေ မဲ့လာမယ်။ စုဆောင်းခြင်းတွေ အာဏာ ပြိုလဲလာမယ်။ ယူဆမှုနဲ့ တံဆိပ်ကပ်မှု အာဏာတွေ ကျဆင်းလာပါ လိမ့်မယ်။ ဘယ်အာဏာမဆို.. ဂုရုတွေ... ဆရာသမားတွေနဲ့ အခြားအခြားသော လွှမ်းမိုးလိုသူတွေ ကို နားလည်ဖို့ အရမ်းထက်သော စိတ်နဲ့ ရှင်းလင်းနေသော ဦးနှောက် လိုတယ်။ ယောင်ဝါးဝါး ဦးနှောက် တွေနဲ့ အလုပ်မဖြစ်နိုင်ဘူး။

ဇန်နဝါရီလ ၁၆ ရက်နေ့ - မူလစိတ် မှာ အာဏာမရှိ
--------------------

စိတ်ဟာ အာဏာကနေ ကင်းလွတ်နိုင်သလား။ ဆိုလိုတာက စိတ်ဟာ အကြောက်တရားကနေ ကင်းလွတ်နိုင်သလား။ ဒါမှ နောက်က ကြောက်လို့ လိုက်ခြင်း ကင်းဝေးမှာ မဟုတ်လား။
တကယ်လို့ ကင်းလွတ်နိုင်ခဲ့မယ် ဆိုရင်တော့ ဒါသည် ပုံတူပွားခြင်းရဲ့ နိဂုံး ဖြစ်တယ်။ ပုံတူပွားခြင်း ဆိုတာ ယန္တယားဆန်လာခဲ့ ကြပြီ။ မူလစိတ်ဆိုတာ ကောင်းတဲ့ အရာတစ်ခုကို ထပ်တလဲလဲ အားထုတ်ခြင်း ကြောင့် ပေါ်လာတဲ့ အကျင့်မဟုတ်။ အကျင့်ဖြစ်လာတာနဲ့ မူလစိတ် မဟုတ်တော့။

မူလ ဖြူစင်စိတ်သည် တဒင်္ဂကနေ တဒင်္ဂကိုသာ ကူးသန်းလေ့ ရှိပါတယ်။ နှိမ့်ချတဲ့ စိတ်နဲ့ တူတယ်။ နှိမ့် ချ တတ်လာအောင် မွေးမြူနေ လို့ မရပါဘူး။ ပြီးတော့လည်း မနှိမ့်ချ ထားတဲ့စိတ်နဲ့ ပညာသင်ယူ လို့ မရပါဘူး။ ဒါ့ကြောင့် မူလစိတ်မှာ အာဏာမရှိခြင်း ဖြစ်တယ်။

လူမှုဆက်ဆံရေး ကိုယ်ကျင့်တရားမှာ သီလဆိုတာ မရှိ။ ဘာလို့လဲဆိုရင် ပတ်ဝန်းကျင်ဟာ ပြိုင်ဆိုင်မှု ကို အားပေးတယ်။ လောဘကို တိုက်တွန်းတယ်။ ဆန္ဒတွေ ကြီးထွားစေတယ်။ ဒါ့ကြောင့် သီလမဲ့တဲ့ ပတ်ဝန်းကျင်မှာ လုပ်နေတဲ့ လူမှုဆက်ဆံရေး ကိုယ်ကျင့်တရားတွေဟာ သီလမရှိဘူး လို့ ဆိုခြင်း ဖြစ်တယ်။

မူလစိတ်တစ်ခုပဲ သီလကို ကျော်လွန်တယ်။ မူလစိတ်မရှိရင် လမ်းစဉ်ဆိုတာ မရှိပါ။ လမ်းစဉ် သည် ပုံစံ ခွက် တစ်ခု မဟုတ်။ ဖော်မြူလာ ပုံသေနည်း တစ်ခုကို ပြောပြနေတာ မဟုတ်။

ပုံသေနည်း ကို လိုက်နာပြီးတော့ မူလစိတ်ကို ရှာကြံ တည်ဆောက်နေခြင်းသည်လည်း သီလကင်းမဲ့ လာတဲ့ ပြဿနာကို ကိုယ်တိုင် ဖန်တီးနေခြင်းသာ ဖြစ်တယ်။

ပြင်ပက အာဏာတွေဖြစ်တဲ့ (တရားဥပဒေမှ အပ) ဘာသာရေး ကျင့်ဝတ်... ကိုယ်ကျင့်သီလ စောင့်ထိန်းမှုတွေ ဖြစ်တဲ့ ကောင်းမှု မကောင်းမှု... စသဖြင့် အားလုံးဟာ မူလစိတ် စစ်စစ်ကို စိတ်က လိုက်ရှာတော့မယ်ဆိုတိုင်း စိတ်ကို လိုက်လံ တားဆီး နေတတ်ပါတယ်။

နောက်တစ်ခါ ကျုပ်တို့ တစ်စုံတစ်ရာ ဖြစ်လို၍ လိုက်လံစုဆောင်းထားသမျှ အတွေ့အကြုံတွေ အသိပညာတွေဟာလည်း အာဏာ ဖြစ်ပါတယ်။ ထပ်တလဲလဲလုပ်တယ်။ ပုံတူတွေ ကူးတယ်။ ဒါတွေဟာ စိတ်ပိုင်းဆိုင်ရာ အာဏာ သက်ရောက်မှုတွေ။ ပြင်ပက ဥပဒေလိုမျိုး မဟုတ်။

တကယ်ဆိုရင် ဒီ အတွင်းက စိတ်ပိုင်းဆိုင်ရာ အာဏာတွေကြောင့် မူလစိတ်ဟာ ဖျက်ဆီး ခံထား ရတယ်။ ဖုံးကွယ် ခံထားရတယ်။ မူလစိတ် ရွေ့လျားတဲ့ တလျှောက်မှာ လိုက်ဖုံး ခံထားရပါတယ်။ နှိမ့်ချစိတ်တွေဟာ တကူးတက မွေးမြူစရာမလိုတဲ့ အကျင့်လေးတွေ ဖြစ်သလို... မေတ္တာထား ချစ်ခင်မှုတွေ ဆိုတာလည်း ထို့အတူပဲ မွေးရာပါ အကျင့်ကလေးတွေ ဖြစ်သလို မူလစိတ်သည်လည်း အာဏာ မရှိ။ အာဏာကနေ ကင်းလွတ် ပါတယ်။

သို့သော်လည်း အာဏာကြောင့် မူလစိတ်ဟာ တားဆီး ခံထားရတယ်။ မူလစိတ် မထားတဲ့အခါ ရှင်းလင်းတဲ့ လမ်းစဉ် အမြင် ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်သေးပါ။

ဇန်နဝါရီ ၁၇ - စိတ်ဟောင်းသည် အာဏာရဲ့ ထိန်းချုပ်မှုကို ခံနေရခြင်း
--------------------

စဉ်းစားရမှာက ဒီလောက် ပုံစံခွက်ထဲ ပိတ်မိနေတဲ့ စိတ်... ဒီလောက် မရေမတွက် နိုင်အောင် ဂိုဏ်းဂဏ ကွဲပြားစေတဲ့ စိတ်.. ဘာသာရေး အုပ်စုတွေ ကွဲထွက်နေစေတဲ့ စိတ်... အယူအဆ အစွဲတွေကို ကိုးကွယ် ယုံကြည်နေတဲ့စိတ်.. အကြောက်စိတ်ဟာ.. ကိုယ့်အခွံထဲက ကိုယ်ခွဲထွက်လို့ စိတ်သစ် တစ်ခုအနေနဲ့ မွေးဖွားလာနိုင်ပါ့မလား ဆိုတာပဲ။

စိတ်ဟောင်းဟာ အာဏာရဲ့ ထိန်းချုပ်မှုကို ခံနေရပြီးပြီ။ ဒီမှာ ထပ်တလဲလဲ ကျုပ်ပြောနေတဲ့ တစ်ခုက အာဏာသည် ဥပဒေကိစ္စ မဟုတ်ဘူး။ ကျုပ်ပြောတဲ့ အာဏာသည် ယဉ်ကျေးမှုတွေ... အသိပညာတွေ... အတွေ့အကြုံတွေ... လုံခြုံမှုကို ရှာဖွေစေတဲ့ အရာ... လုံခြုံရာမှာ ငြိမ်နေစေတဲ့ အရာ... အပြင်က ကိစ္စတွေနဲ့ အတွင်းက ကိစ္စတွေတိုင်းမှာ... အာဏာ ရှိနေတယ်။ ဘာလို့လဲ ဆိုတော့... စိတ်ဟာ အမြဲလိုလို အဲ့သည်အရာကို ရှာဖွေနေလို့ ဖြစ်တယ်။ လုံခြုံမယ့် နေရာ တစ်ခုခု... လာနှောင့်ယှက်လို့ မရတဲ့ နေရာ တစ်ခုခု။

ဒီအာဏာဟာ မိမိဖာသာ အကျဉ်းချထားတဲ့ အကြံမျိုး... ဘာသာရေး လှောင်ပိတ်မှုမျိုး ဖြစ်တယ်။ အကြံသည် အချက်အလက်မဟုတ်။ စိတ်ကူးယဉ်ခြင်း ဖြစ်တယ်။ ဘုရားသခင်သည် စိတ်ကူးယဉ်ခြင်း ဖြစ်တယ်။ သင်တို့ ကြိုက်သလောက် ယုံ.. သို့သော်.. ဒီထဲမှာ စိတ်ကူး ကနေ မကင်းလွတ်ဘူး။

တကယ့် ဘုရားဆိုတာကို သင်တို့ ရှာမယ် ဆိုရင်တော့... စိတ်ကူးယဉ်တာတွေ အားလုံးကို ဖျက်ဆီးပစ်ရလိမ့်မယ်။ ဘာလို့ဆိုရင် စိတ်ဟောင်းဟာ ကြောက်လွန်းလို့ တုန်လှုပ်နေပြီ။ ရည်မှန်းချက်တွေ ကြီးထွားနေခဲ့ပြီ။ သေရမှာကို အလွန်ကြောက်နေပြီးပြီ။ ရှင်ရဖို့လည်း အလုအယက် ရုန်းကန်နေကြပြီ။ သိလျက်နဲ့ရော.. မသိပဲနဲ့ပါ... စိတ်ဟောင်းဟာ လုံခြုံနေစေဖို့.. ထာ၀ရ နားခိုရာကို ရှာနေခဲ့ပါပြီ။

ဇန်နဝါရီ ၁၈ - လွတ်လပ်မှုနှင့် စတင်ခဲ့ကြခြင်း
--------------------

အကယ်၍သာ ချယ်လှယ်လိုခြင်းနဲ့ မချယ်လှယ်လိုခြင်း အာသီသတွေရဲ့ အနောက်က စေ့ဆော်မှုကို ကျုပ်တို့ နားလည်နိုင်ခဲ့မယ်ဆိုရင် အနည်းဆုံးတော့ အာဏာရဲ့ ခြေကျင်းတွေကနေ စတင်လွတ်မြောက်နိုင်လိမ့်မယ်။ ကျုပ်တို့ဟာ သေချာစေဖို့ တောင့်တမှုတွေ ရှိကြတယ်။ မှန်ချင်တယ်။ အောင်မြင်ချင်တယ်။ သိချင်ကြတယ်။

ဒီလို တောင့်တလာတဲ့ အာသီသတွေ.. မြဲစေလိုမှုတွေဟာ ကျုပ်တို့အတွင်းမှာ ကိုယ်ပိုင် အတွေ့အကြုံဆိုတဲ့ အာဏာကို တည်ဆောက်နေသလို အပြင်မှာလည်း ပတ်၀န်းကျင်.. မိသားစု... ကိုးကွယ် ယုံကြည်မှု စတာတွေကို တည်ဆောက်နေခဲ့ပါတယ်။ ဒီအာဏာတွေကို စိတ်ကူးယဉ်ပြီး ဆန့်ကျင်တာတို့ တံဆိပ်တွေ ခွာတာတို့ ကျုပ်တို့ လုပ်လို့ ရပေမယ့် ဒါသည် အချည်းနှီးပါပဲ။

နောက်ဘာသာကို လိုက်နာဖို့ ရှေ့ ဘာသာကို စွန့်ခွာတယ်။ သခင်တစ်ယောက် အောက်က လွတ်လာတဲ့ ကျွန်.. နောက်သခင် တစ်ယောက် အောက်ကို ခိုလှုံနေသလိုပါပဲ။ ဒါဟာ ဘာကို ပြနေသလဲ ဆိုတော့ အယူစွဲတွေ ကျန်နေသေးတဲ့ သဘော ဖြစ်တယ်။

ဆိုတော့ အာဏာဖြစ်စဉ်ကြီးတစ်ခုလုံးကို သတိပြုမိစေဖို့.. ဒါကြီးကိုယ့်အတွင်းကို ၀င်ရောက်လာပုံကို မြင်မိစေဖို့... သေချာချင်တဲ့ အာသီသကို ကျော်လွှားနိုင်ဖို့.. ပိုမိုတဲ့ နားလည်သဘောပေါက်မှုနဲ့ ထိုးထွင်းဥာဏ် ရှိရလိမ့်မယ်။ ကျုပ်တို့ဟာ လွတ်မြောက်နေရမယ်။ နောက်ဆုံးမှာ မဟုတ်။ အစကထဲက လွတ်မြောက်နေရပါ့မယ်။

ဇန်နဝါရီ ၁၉ - မသိမှုနှင့် နာကျင်မှုတို့မှ လွန်မြောက်ခြင်း
--------------------

ကျုပ်တို့ဟာ မျှော်လင့်ချက်ရယ် အကြောက်တရားရယ်တို့နဲ့ နားထောင်ကြတယ်။ သူတစ်ပါး ပြတဲ့ အလင်းကို ရှာကြတယ်။ သို့သော်.. ဘာလို့လဲဆိုတဲ့ တိုက်ရိုက် နားလည်မှု မရှိကြဘူး။ အလင်းပြသူဟာ မိမိရဲ့ လိုအင်ဆန္ဒကို ဖြည့်ဆည်းနိုင်ရင် လက်ခံလိုက်ပြီးတော့ မဖြည့်ဆည်း နိုင်တဲ့အခါ ဖြည့်ဆည်းပေးမယ့် နောက်တစ်ယောက်ကို ထပ်ရှာကြတယ်။

ကျုပ်တို့ အာသီသဆိုတာ တကယ်တော့ အလွှာစုံက ကျေနပ်၀မ်းမြောက်မှုတွေပါပဲ။ လွတ်မြောက်သူ ဘယ်သူဆိုတာကို သိဖို့ အရေး မကြီးပါဘူး။ တကယ် အရေးကြီးတာက မိမိကိုယ်ကို မိမိ ဘယ်လို နားလည်အောင် လုပ်မလဲ ဆိုတာပဲ။

ဘယ် အာဏာ တစ်ခုကမှ မိမိကိုယ်ကို နားလည်နိုင်စွမ်းကို မပေးနိုင်ပါ။ ကိုယ်ပိုင် အသိမရှိသရွေ့တော့ မသိမှုနဲ့ နာကျင်မှုတို့ကနေ လွန်မြောက်ဖို့ လမ်းမရှိပါ။

ဇန်နဝါရီ ၂၀ - ကျုပ်တို့ ဘာလို့ တပည့်ခံသလဲ။
--------------------

ကျုပ်တို့ ဘာလို့ လက်ခံသလဲ။ ဘာလို့ လိုက်နာသလဲ။ သူတစ်ပါး အုပ်ချုပ်မှုကို လိုက်နာတယ်။ သူတစ်ပါး အတွေ့အကြုံကို လိုက်နာတယ်။ ဒီကနေ သံသယ ရှိလာတယ်။

ဒီမှာ အာဏာရော အကျိုးဆက်ရော... ေ၀၀ါးတဲ့ စိတ်ကူးယဉ်မှုတွေရော... အားလုံးဟာ နာကျင်စရာ ကိစ္စတွေ ဖြစ်လာခဲ့ကြတယ်။

တစ်ချိန်က ကိုယ်လက်ခံလာခဲ့တဲ့ အာဏာကိုပဲ ကိုယ်က ပြန် အပြစ်တင်လာတယ်။ ဝေဖန်လာတယ်။ ဒီ အဖွဲ့ရဲ့ ဆရာ.. အရှင်.. သခင် အားလုံးကို ဝေဖန် အပြစ်တင်လာတဲ့ ကျုပ်တို့ဟာ ကိုယ်တိုင်ပြန်မမြင်ကြဘူး။ ကိုယ်စီရဲ့ အာဏာအောက်မှာ နေထိုင်လိုမှုတွေကို မမြင် ကြပါဘူး။ မိမိ အလုပ်နဲ့ အကိုင်တို့ကို လမ်းညွှန်ပေးနေတာကို တောင့်တနေတဲ့.. တစ်နည်းအားဖြင့် အာဏာ ကိုသာ အမြဲ တောင့်တ နေတဲ့ စိတ်ကို မမြင်ကြဘူး မဟုတ်လား။ ဒါကို နားလည်တဲ့အခါ.. ဒီတောင့်တမှုကို စေ့ငှစွာ သဘောပေါက်လာတဲ့ အခါ... သံသယ တွေရဲ့ အလုပ်လုပ်ပုံကို နားလည်လာပါလိမ့်မယ်။

ဇန်နဝါရီ ၂၁ - အာဏာဟာ နှစ်ဖက်ချွန်
--------------------

ကိုယ်တိုင်သိမြင်ဖို့ ကိစ္စဟာ ခက်ခဲပါတယ်။ သင်တို့ ကျုပ်တို့တွေဟာ အလွယ်လမ်းကို လိုက်သူတွေ... စိတ်ကူးသမားတွေ... ဒီတော့ ကိုယ့်ဘ၀ကို ပုံဖော်ပေးမယ့်... ပုံစံခွက် ချပေးမယ့်.. အာဏာ.. လမ်းညွှန်မှုကို ကိုယ်တိုင် ပြန်ပုံဖော်ကြတယ်။

ဒီအာဏာဟာ အစုအဝေး ဖြစ်ကောင်း ဖြစ်နိုင်တယ်။ နိုင်ငံတစ်ခုခု ဖြစ်နိုင်တယ်။ တစ်စုံတစ်ယောက်လည်း ဖြစ်နိုင်သလို ဆရာတစ်ပါး.. ဘုရားတစ်ဆူ... ဂုရုတစ်ယောက်လည်း ဖြစ်နိုင်ပါတယ်။

ဘယ်အာဏာမဆို ကန်းစေတဲ့ သဘောလည်း ရှိတယ်။ အတွေးအခေါ်တွေ ကင်းမဲ့စေတဲ့ သဘောလည်း ရှိတယ်။ ပြီးတော့... အတွေးအခေါ် မြင့်လာစေဖို့လည်း နာကျင်မှုကို ကျော်ဖြတ်ရမယ်လို့ ကျုပ်တို့တွေ ထင်မှတ်ကြတယ်။ လမ်းညွှန်ခံ ကြရတယ်။

အာဏာဟာ ခွန်အားကို မွေးဖွားတယ်။ ခွန်အားဟာ ဗဟိုပြုမှု ရှိပါတယ်။ ထို့ကြောင့် အကျင့်ပျက်ခြင်းတွေလည်း ရှိလာရတယ်။
ခွန်အား လက်ကိုင်ထားသူမှာလည်း အကျင့်ပျက်ရသလို ခွန်အားကို မှီနေရတဲ့ နောက်လိုက်တွေ နိုင်ငံသားတွေ... တပည့်တပန်းတွေ သည်လည်း အကျင့်ပျက်လာရတယ်။

အာဏာဟာ နှစ်ဖက်ချွန်စစ်စစ်။ ဗဟိုပြုတဲ့ ခွန်အားပေါ်လာတာနဲ့ ခေါင်းဆောင်ရော နောက်လိုက်ပါ ပျက်စီးရတယ်။

Comments

Popular posts from this blog

မြန်မာ eBook များ

Standard Army ဆိုင်ရာ....

ဘုရားသခင်ပြန်လာပြီလား ( Is God back ? )